အာဏာသိမ်းမှုကိုဆန့်ကျင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲကာ အာဏာရှင်စနစ်ကို တော်လှန်သွားမည်ဟု KNUပြော

စစ်ကောင်စီ၏ အာဏာသိမ်းမှုကိုဆန့်ကျင်သော မည်သည့် အဖွဲ့အစည်းများနှင့်မဆို လက်တွဲကာ စစ်အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

04 Sep 2021

DMG ၊ စက်တင်ဘာ ၄

စစ်ကောင်စီ၏ အာဏာသိမ်းမှုကိုဆန့်ကျင်သော မည်သည့် အဖွဲ့အစည်းများနှင့်မဆို လက်တွဲကာ စစ်အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

KNU အနေဖြင့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများမှ အကာအကွယ်ရယူလိုသည့် မည်သူကိုမဆို တတ်နိုင်သည့်ဘက်က ကူညီသွားမည်ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်ကဆိုသည်။

ယင်းအပြင် နှစ်ရှည်ကြာဖြစ်ပွားနေသည့် ပြည်တွင်းစစ်၏ မူလဇစ်မြစ်ကိုဖြေရှင်းရန်၊ စစ်မှန်သောငြိမ်းချမ်းရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ဆောင်ကြဉ်းရန်အတွက် နောက်ထပ်ဖြေရှင်းရေးနည်းလမ်းသစ်များအား ဆက်လက်ရှာဖွေလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကိုမြှင့်တင်ရန် ခိုင်မာသောကတိကဝတ်နှင့် လိုက်နာဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားကြောင်းလည်း KNU ကဆိုသည်။

ပြည်သူလူထုအနေဖြင့်လည်း လွတ်လပ်မှုှနှင့် တရားမျှတမှုအတွက် မိမိတတ်နိုင်သည့်ဘက်မှ နည်းမှန်လမ်းမှန်ဖြင့် ကူညီထောက်ခံကြောင်း ထုတ်ဖော်ပြသပေးရန်လည်း KNU က တိုက်တွန်းထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ကို တပ်မဟာ(၁) သထုံ၊ တပ်မဟာ(၂) တောင်ငူ၊ တပ်မဟာ(၃) ညောင်လေးပင်၊ တပ်မဟာ(၄) ထားဝယ်၊ တပ်မဟာ(၅) ဖာပွန်၊ တပ်မဟာ(၆) ဒူးပလာယာ၊ တပ်မဟာ(၇) ဘားအံ စသည့်တပ်မဟာ(၇)ခုနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

KNU သည် တော်လှန်ရေးအစဉ်အလာကြီးမားသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထပ် ၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။

သို့သော် တပ်မတော်မှ စစ်အာဏာသိမ်းမှုကိုလက်မခံကြောင်း ပြည်သူများနှင့်အတူရပ်တည်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် KNU တို့အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေသည်။

ဗီဒီယိုများ