ခန္ဓာကိုယ်အပိုင်းပိုင်း ခုတ်ဖြတ်အသတ်ခံရသူနှင့်ပတ်သက်ပြီး ရွှေကျောင်းဓမ္မာရုံထဲသို့ ရဲနှင့်တပ်က လာရောက်စစ်ဆေး

ကျောက်တော်မြို့၊ ပိုက်သယ်ရပ်ကွက်မှ ခန္ဓာကိုယ်များအား တစစီခုတ်ဖြတ်ကာ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဦးကျော်လှိုင်ကိစ္စနှင့်ပတ်သက်ပြီး ရွှေကျောင်းဓမ္မာရုံသို့ ဇန်နဝါရီလ ၇ ရက်နေ့က ရဲနှင့်တပ်မတော်တို့က လာရောက်စစ်ဆေးသွားသည်ဟု ကျောင်းတွင် သတင်းသုံးနေထိုင်နေသည့် ဆရာတော်က မိန့်သည်။

By နှင်းနွယ် 08 Jan 2021

ခန္ဓာကိုယ်အား အပိုင်းပိုင်း ခုတ်ဖြတ်သတ်ခံခဲ့ရသည့် ဦးကျော်လှိုင်၏ ဇနီးနှင့်သမီးအား တွေ့ရစဉ်။

နှင်းနွယ် | DMG        
ဇန်နဝါရီ ၈ ၊ စစ်တွေ

ကျောက်တော်မြို့၊ ပိုက်သယ်ရပ်ကွက်မှ ခန္ဓာကိုယ်များအား တစစီခုတ်ဖြတ်ကာ သတ်ဖြတ်ခြင်းခံခဲ့ရသည့် ဦးကျော်လှိုင်ကိစ္စနှင့်ပတ်သက်ပြီး ရွှေကျောင်းဓမ္မာရုံသို့ ဇန်နဝါရီလ ၇ ရက်နေ့က ရဲနှင့်တပ်မတော်တို့က လာရောက်စစ်ဆေးသွားသည်ဟု ကျောင်းတွင် သတင်းသုံးနေထိုင်နေသည့် ဆရာတော်က မိန့်သည်။

ရွှေကျောင်းဓမ္မာရုံမှ ဆရာတော်အရှင်စန္ဒိမာက “ကြိုတင် အကြောင်းကြားထားတာမရှိဘဲ ရုတ်တရက် ကျောင်းကို ရောက်လာပြီး စစ်ဆေးသွားတာပေါ့။ ဆရာတော် ဘာတွေမြင်လိုက်လဲဆိုတာ မေးတယ်။ ရေချိုးသွားတဲ့အချိန် ဆရာတော်ဆိုပြီးလှမ်းအော်လို့ သွားကြည့်တော့ နောက်ပြန်ကြိုး တုပ်ပြီးဖမ်းထားတယ်။ မျက်နှာတစ်ခုလုံးလည်း ထိုးကြိတ်ခံထားရတယ်။ တပ်မတော်သားတွေကလည်း အနားမှာ ဝိုင်းကြည့်နေကြတော့ ဘာမှမပြောရဲဘဲ ကျောင်းပေါ်ပြန်တက်လာခဲ့ရတယ်ဆိုပြီး မြင်ခဲ့တာတွေကို အမူအယာတွေနဲ့တကွ လုပ်ပြလိုက်တယ်” ဟု မိန့်သည်။

သေဆုံးသွားသူ ဦးကျော်လှိုင်မှာ ၂၀၂၀ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့က နေအိမ်မှနေ၍ ပုလင်းခွံ၊ ဗူးခွံများ ကောက်ရန်သွားစဉ် တပ်မတော်သားများထံ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဇူလိုင်လ (၆) ရက်နှင့် (၇) ရက်နေ့တို့တွင် အပိုင်းပိုင်းခုတ်ဖြတ်ခံထားရသည့် ခန္ဓာကိုယ်အစိတ်အစိတ်အပိုင်းများအား ကစ္ဆပနဒီတံတားအနီး၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသေဆုံးချိန်တွင် ဇနီးသည်နှင့် (၂) နှစ်အရွယ် သမီးငယ်တစ်ဦး ကျန်ရှိခဲ့သည်။

ယင်းပြင် သေဆုံးသူ ဦးကျော်လှိုင်ထံမှ ပုလင်းခွံ၊ ဗူးခွံများဝယ်ယူလေ့ရှိသည့် ဒိုင်ပိုင်ရှင် ဦးအောင်ကျော်ဦးမှာလည်း ကျောက်တော်မြို့မရဲစခန်းမှူးက ယမန်နေ့၊ နံနက် ၇ နာရီအချိန်ခန့်က မေးမြန်းစရာရှိသည်ဟု ဖုန်းဆက်လှမ်းခေါ်သဖြင့် သွားရောက်စစ်ဆေးခံခဲ့ရသည်။

“ကျနော်ဈေးဝယ်နေတုန်းမှာပဲ စခန်းမှူးက ဦးကျော်လှိုင်ကိစ္စနှင့်ပတ်သက်ပြီး မေးစရာရှိလို့ ရွှေကျောင်းဓမ္မာရုံကို  ခဏလာခဲ့ပေးပါဆိုပြီး ဖုန်းနဲ့လှမ်းခေါ်တဲ့အတွက် လိုက်သွားတယ်။ အဲဒီကိုရောက်တော့ ခင်ဗျား ဘာတွေ မြင်လိုက်လဲဆိုပြီး မေးတယ်။ ဦးကျော်လှိုင်က ကျနော့်ဆီကို ပုလင်းဗူးခွံတွေ သွင်းဖို့လာနေတုန်းလမ်းမှာ စစ်ကြောင်းနဲ့တွေ့တယ်။ သူ့ကိုမေးမြန်းနေတာကိုတော့ အိမ်ပေါ်ကတွေ့တယ်။ ဘာမေးလဲဆိုတာတော့မသိဘူး။ ပြီးတော့ သူ့ကို ခေါ်သွားကြတယ်ဆိုပြီး မြင်ခဲ့တဲ့အတိုင်း ထွက်ဆိုခဲ့တယ်” ဟု ပြောသည်။

ထိုသို့လာရောက် စစ်ဆေးရာတွင် ကျောက်တော်မြို့မစခန်းမှူး၊ ကျောက်တော်မြို့ တပ်မ(စကခ) (၉)မှ တပ်ရင်းမှူးအပါအဝင် တပ်မတော်သားလေးငါးဦးတို့ပါဝင်ပြီး ဦးကျော်လှိုင်ဖမ်းဆီးခံရစဉ်က ဓမ္မာရုံထဲ၌ ရှိနေခဲ့သည့် ရဲမှူးတစ်ဦးကိုပါ ဖြစ်စဉ်များကိုထွက်ဆိုရန် ခေါ်လာခဲ့ကြောင်းလည်း ဦးအောင်ကျော်ဦးက ဆက်ပြောသည်။

“ကျနော်ကိုမေးမြန်းပြီးတာနဲ့ ရဲမှူးကိုမေးတယ်။ ဟုတ်လားပေါ့။ ရဲမှူးကတော့ အဲဒီအချိန်က ဖမ်းထားတဲ့သူက တပ်မတော်သားတစ်ယောက်ကို သေနတ်နဲ့ပစ်လိုက်တဲ့သူကို ဖမ်းထားတာ။ ပြီးတော့ တာပေါ်လင်စတွေနဲ့ ကာထားတာကလည်း ကျည်ထိမှန်ပြီး သေသွားတဲ့တပ်မတော်သားဖြစ်တယ်။ လူတွေမြင်ရင်မကောင်းဘူးဆိုပြီး ကာထားတာလို့ပြောတယ်။ ဦးကျော်လှိုင်ဟုတ်၊ မဟုတ်ကိုတော့ ဘာမှပြောမသွားဘူး။ သူကလည်း ရဲဆိုတော့ သူနဲ့မဆိုင်ဘူးဆိုပြီး ပြဿနာထဲမဝင်ချင်လို့ မြင်ခဲ့တာတွေကို ဝန်မခံတာထင်တယ်” ဟု ပြောသည်။

ဒီဇင်ဘာလ (၃၀) ရက်နေ့ကလည်း ဆရာတော်အရှင်စန္ဒိမာနှင့် ဦးအောင်ကျော်ဦးတို့ နှစ်ဦးမှာ ဦးကျော်လှိုင် သေဆုံးမှုကိစ္စနှင့်ပတ်သက်ပြီး ၎င်းတို့မြင်တွေ့ခဲ့သည့်အရာများကို ကျောက်တော်မြို့မရဲစခန်းတွင် ထွက်ဆိုခဲ့ရသည်ဟုလည်း သိရသည်။

ယင်းသို့ စစ်ဆေးမေးမြန်းမှုများနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ကျောက်တော်မြို့မရဲစခန်းသို့ DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

သေဆုံးသူ ဦးကျော်လှိုင်၏ ဇနီးဒေါ်စုလှိုင်ဝင်းက “ကျမအမျိုးသားကို ဘာကြောင့်အပြစ်မရှိဘဲ ရက်ရက်စက်စက် သတ်ပစ်ရတာလဲဆိုတာကို သိချင်တယ်။ ပြီးတော့ ကျူးလွန်ခဲ့တဲ့သူတွေကိုလည်း ထိထိရောက်ရောက် အပြစ်ပေးတာကို လိုချင်တယ်။ ကျမယောက်ျား သေဆုံးတာနဲ့ပတ်သက်ပြီး တရားမျှတမှု လိုချင်တယ်” ဟု ဆိုသည်။

လက်ရှိတွင် ဦးကျော်လှိုင်သေဆုံးမှုနှင့်ပတ်သက်ပြီး ကျောက်တော်မြို့မရဲစခန်း၌ ပြစ်မှုအမှတ် ၃၁၊၂၀၂၀/ပုဒ်မ ၃၀၃၊၂၀၁ ဖြင့် အမှုဖွင့်ထားပြီး ၎င်းအား ဖမ်းဆီးချည်နှောင်ထားခဲ့သည့် အပင်အောက်မှရရှိသည့် ရဲဦးထုပ်ကိုပါ သက်သေအဖြစ် တင်သွင်းထားကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ဗီဒီယိုများ