ကျောက်တော်နှင့်မြေပုံတွင် ကျည်ဆံထိမှန်မှုကြောင့် လူ (၁၀)ကျော်ဒဏ်ရာရ

အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်ပြီး တပ်မတော်နှင့် AA တို့အပြန်အလှန်စွပ်စွဲနေကြသည်။

29 Dec 2019

ကျောက်တော်ပစ်ခတ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသူနှစ်ဦးကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရသည်။

အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်ပြီး တပ်မတော်နှင့် AA တို့အပြန်အလှန်စွပ်စွဲနေကြသည်။

မင်းထွန်း၊ ကျော်သူဌေး | DMG
ဒီဇင်ဘာလ ၂၉၊စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ မဟာကံကြီးသျှင်ဘုရားအနီးတွင် ပစ်ခတ်မှုဖြစ်ပွားသောကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိရသည်။

ကျောက်တော်မြို့နယ်အတွင်း နယ်မြေဒေသ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းကို ရက္ခိုင့်တပ်တော်(AA)က စိုက်ပျိုးရေးသိပ္ပံကျောင်းအနီး၊ ကျောက်တော်ကားကွင်းအနီးနှင့် လျှပ်စစ်ဓာတ်အားပေးရုံနေရာ တို့မှ ပစ်ခတ်ခဲ့သဖြင့် ဒေသခံ (၄)ဦးဒဏ်ရာရရှိသွားပြီး မဟာကံကြီးသျှင် ဘုရား၏ မုခ်ဦးနှင့်သာသနိက အဆောက်အအုံလည်း ထိခိုက်ပျက်စီးသွားသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

တပ်မတော်သည် ဘုရားပုရဝုဏ်အတွင်းတွင် စခန်းချထားပြီး ဒေသခံများကို စစ်ဆေးမှုများ၊ အနှောင့်အယှက်ပေးနေမှုများ ရှိသောကြောင့် သတိပေးပစ်ခတ်ခဲ့ရာတွင် တပ်မတော်ဘက်က အနည်းဆုံး (၂၀)ဝန်းကျင်ခန့် ကျဆုံးနိုင်ခြေရှိသည်ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက တုန့်ပြန်သည်။

“အဲလိုမျိုး လျှပ်တပြက်ပစ်ခတ်ခံရပြီးတော့ အကျအဆုံးများတဲ့အခါ ကျောက်တော်မြို့ဘက်ကို လှည့်ပြီးတော့ အရပ်သားတွေနေတဲ့ ရပ်ကွက်ကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ လှမ်းပစ်တာရှိတယ်။ အဲလိုမျိုး လှမ်းပစ်တဲ့အတွက် အရပ်သား အမျိုးသား (၃)ဦးနဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်လို့ သိရတယ်”ဟု ၎င်းက ဆက်လက် ဆိုသည်။

ကျည်ထိမှန်သွားသူများမှာ ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်က ဦးစိန်ကျော်ဝင်း(၅၃)နှစ်၊ ပြည်တော်သာရပ်ကွက်မှ ဦးအောင်ဝင်း(၄၃)နှစ်၊ ဒေါ်မသန်းဌေး(၃၁)နှစ် နှင့် ရှမ်းရွာရပ်ကွက်မှ ဦးအောင်ကြည်(၅၀) နှစ်တို့ဖြစ်သည်။

“ကံကြီးရှင်ဘုရားနားက ပေါက်သံကြားလိုက်တယ်။ အဲဒီချိန်မှာ ကျွန်မအိမ်ရှင်က အိမ်ရှေ့မှာ လူသုံးယောက်နဲ့ထိုင်နေကြတယ်။ ကျွန်မအိမ်ရှင်မှာ မျက်ခုံးမှာကျည်ဆံထိသွားတယ်။ ကျွန်မတို့နေတာနဲ့ ဖြစ်တဲ့နေရာနဲ့ နှစ်မိုင်လောက်ဝေးတယ်။ ဘယ်လို့မျိုးထိသွားလဲမသိဘူး” ဒဏ်ရာရရှိသူ ဦးကျော်စိန်ဝင်း၏ဇနီး ဒေါ်ဌေးဌေးဝင်းက ပြောသည်။

ထို့အပြင် မြေပုံမြို့နယ် ယိုးချောင်းတံတားအနီးရှိ ကျွဲကူးဆိပ်ကျေးရွာကို ဒီဇင်ဘာလ ၂၇ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာသား (၆)ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

တပ်မတော်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ဆံကြောင့် ထိုသို့ဒဏ်ရာရရှိသွားကြခြင်းဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက စွပ်စွဲသည်။

“အဲဒီမှာ အဲဒီလူတွေကို ထိတာ ဆိုတော့ ဒဏ်ရာ ရတဲ့သူတွေကိုလည်းပဲ ဗမာစစ်တပ်က လူနာတင်ယာဉ်တွေ ခေါ်ပြီးတော့ အမ်းဆေးရုံကို ပို့လိုက်တယ်လို့ ကျနော်တို့သတင်းရတယ်။ အဲဒီမှာလည်းပဲ ရွာသားတွေကို လူတွေကမေးလို့ ရှိရင် AA ကပစ်ပါတယ်လို့ပြောဖို့အတွက် ပိုက်ဆံပေးပြီးတော့ စည်းရုံးတာတွေ ရှိတယ်လို့ကျနော်တို့ သိရတာတွေ ရှိတယ်” ဟု ၎င်းကပြောသည်။

မြေပုံမြို့နယ်၊ ယောချောင်းကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၅၀၀ ခန့်အကွာရှိ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ယောချောင်းစခန်းအား AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စခန်း၏ အရှေ့ဘက်မီတာ ၂၀၀ ခန့်အကွာ ကျွဲကူးဆိပ်ကျေးရွာအတွင်းရှိ နေအိမ် ၁ လုံးပေါ်သို့ လက်နက်ကြီးဗုံးသီးများ ကျရောက် ပေါက်ကွဲမှုကြောင့် ကျေးရွာနေသူများဖြစ်သည့် ဒေါ်မလှစိန်(ဘ)ဦးမောင်ရွှေလှ အပါအဝင် အရပ်သား ၆ ဦး ပြင်းထန်စွာ ဒဏ်ရာများရရှိခဲ့ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ