တပ်မတော်တည်းခိုခဲ့သည့် စာသင်ကျောင်းတွင် ကျောင်းသား/သူများ စာမသင်ရဲ

“တပ်မတော်သားတွေ မရှိတော့ဘူး။ ဒါပေမယ့် ကျောင်းမှာ စစ်လက်နက်ပစ္စည်းတွေ ကျကျန်ခဲ့မှာကို ကြောက်ကြတယ်။ ပြီးတော့ ပေါက်ကွဲမှုတွေဖြစ်မှာကို ကလေးတွေ ကြောက်နေကြတယ်” ဟု ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းအောင်က DMG ကို ပြောသည်။

By အောင်ထိန် 10 Dec 2019

(ဓာတ်ပုံ - ကျော်လှမြင့်)

ကျော်သူဌေး | DMG
ဒီဇင်ဘာ ၁၀၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ရွာမရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် တပ်မတော်သားများ တည်းခိုခဲ့သောကြောင့် စိုးရိမ်စိတ်များဖြစ်ပေါ်ကာ ကျောင်းသား/သူအများစု ကျောင်းမတက်ရဲကြကြောင်း  ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းအောင်က DMG ကိုပြောသည်။

ယင်းကျောင်းတွင် တပ်မတော်က ဒီဇင်ဘာလ (၄)ရက်နေ့မှ ဒီဇင်ဘာလ (၉)ရက်နေ့အထိ တည်းခိုခဲ့သောကြောင့် စစ်ပစ္စည်းများကျန်ရှိခဲ့ကာ ပေါက်ကွဲမှုဖြစ်ပေါ်မည်ကို စိုးရိမ်၍ ကျောင်းမလာရောက်ခြင်းဟု ဆိုသည်။

“တပ်မတော်သားတွေ မရှိတော့ဘူး။ ဒါပေမယ့် ကျောင်းမှာ စစ်လက်နက်ပစ္စည်းတွေ ကျကျန်ခဲ့မှာကို ကြောက်ကြတယ်။ ပြီးတော့ ပေါက်ကွဲမှုတွေဖြစ်မှာကို ကလေးတွေ ကြောက်နေကြတယ်”ဟု ဦးထွန်းထွန်းအောင်က ပြောသည်။

ထို့အပြင် စာသင်ကျောင်းအနီးရှိ ရွှေကျောင်းဓမ္မာရုံတွင် ရဲတပ်ဖွဲ့ဝင်များရှိနေသောကြောင့် ပစ်ခတ်မှုများဖြစ်ပေါ်မည်ကို စိုးရိမ်၍လည်း ကျောင်းမလာရဲကြဟု ၎င်းကဆက်လက်ဆိုသည်။

“အဲဒီရဲတပ်ဖွဲ့ရှိတဲ့အတွက်ကြောင့် ကျောင်းသားမိဘတွေကလည်း လက်နက်ကိုင်အဖွဲ့တွေရှိတော့ ပေါက်ကွဲမှုဖြစ်မှာကို ကြောက်နေကြတယ်။ စစ်သားတွေမရောက်ခင်က ရဲတပ်ဖွဲ့ဝင်တွေကို မကြောက်ကြဘူး။ အခုက ပစ်ခတ်မှုဖြစ်တဲ့အခါ မိဘတွေကလည်း စိုးရိမ်စိတ်များပြီးတော့ ကျောင်းကိုမပို့ကြတော့ဘူး” ဟု ဦးထွန်းထွန်းအောင်က ပြောသည်။

ထို့ကြောင့် ယင်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူ (၁၄၆)ဦးရှိသည့်အနက် (၄၀)ဦးခန့်သာ ကျောင်းတက်ကြပြီး တခြားကျောင်းသို့ပြောင်းရန်ပင် မိဘများ စဉ်းစားနေကြသည်။

“ကျနော်တို့က ကိုယ့်ကျောင်းစည်စည်ပင်ပင်နဲ့ ကျောင်းသားတွေ ပျော်ပျော်ရွှင်ရွှင်ကျောင်းတက်နေတာကို မြင် ချင်တယ်။ ကိုယ့်ကျောင်းသားတွေ ကျောင်းမရောက်လို့ရှိရင် စိတ်ထဲမှာမကောင်း၊ ကြောက်လန့်စိတ်တွေဖြစ်နေရင် ကလေးတွေစိတ်ထဲမှာ စိတ်ဒဏ်ရာတွေ ရလာမှာကိုလည်း စိုးရိမ်တယ်” ဟု ဦးထွန်းထွန်းအောင်က ပြောသည်။

တပ်မတော်သားများသည် ယင်းကျောင်းတွင် ကျောင်းဆင်းချိန်နောက်ပိုင်းများတွင် ဝင်ရောက်တည်းခို နေထိုင်ခဲ့ကြသည်။

လက်ရှိ တိုက်ပွဲများကြောင့် စိုးရိမ်ထိလန့်များဖြစ်နေသည့် အချိန်များတွင်  လက်နက်ကိုင်အဖွဲ့များက စာသင်ကျောင်းများမှာ တည်းခိုနေထိုင်ခြင်းသည် ပြည်သူများအတွက် စိုးရိမ်မှုများပိုကြီးထွားစေသည်ဟု ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ထောက်ပြသည်။

“အရင်တုန်းကလည်း ကျနော်တို့ အထိတလန့်နဲ့ဖြစ်နေကြတယ်။ အခုက တစ်ခါတည်း လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ရာချီတဲ့စစ်သားတွေက မြို့ထဲမှာလာပြီးတော့နေတာနဲ့ ကျောက်တော်မြို့ကို ကျနော်ရောက်တဲ့အခါ နေ့လည်ပိုင်းမှာတောင် တိတ်ဆိတ်ခြောက်ကပ်ပြီး တစပြင်လိုဖြစ်နေတာတွေ့ရတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၆)ရက်နေ့က ရွာမ မူလတန်းကျောင်းအနီးတွင်ရှိသည့် ပိုက်သည် မူလတန်းလွန်ကျောင်းမှ သုံးတန်းကျောင်းသားတစ်ဦးသည် ကျူရှင်ဆင်း၍ မိမိနေအိမ်သို့ပြန်လာစဉ် သေနတ်ပစ်ခံရ၍ သေဆုံးသွားသည်။ တပ်မတော်ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်ဟု မိသားစုဘက်က ပြောဆိုသည်။

လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်ရှိခဲ့သောကြောင့် ပြန်လည်ပစ်ခတ်ခဲ့ရသည်။ ထိုသို့ပစ်ခတ်မှုများအတွင်း သေဆုံးသွားခြင်းဖြစ်နိုင်သည်ဟု တပ်မတော်က မီဒီယာတစ်ချို့ကို ဖြေကြားထားသည်။

Related Post : ကျောက်တော်တွင် သေနတ်ပစ်ခံရ၍ (၃)တန်းကျောင်းသားတစ်ဦးသေဆုံး

ဗီဒီယိုများ