သောက်ရေကန် တာဘောင်ကျိုးပေါက်ကာ ညစ်ညမ်းရေများ ဝင်ရောက်မှုကြောင့် စစ်တွေမြို့မှ ဒေသခံတစ်ထောင်ကျော်ခန့် သောက်သုံးရေ အခက်အခဲဖြစ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကန်တော်ကြီးရပ်ကွက်ရှိ ရေကန်တွင် တာဘောင်ကျိုးပေါက်ကာ ညစ်ညမ်းရေများ ဝင်ရောက်မှုကြောင့် အဆိုပါရေကန်မှ သောက်သုံးနေသည့် ဒေသခံတစ်ထောင်ကျော် သောက်ရေအခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။

By မျိုးသီရိကျော် 29 Jul 2020

မျိုးသီရိကျော် | DMG
ဇူလိုင် ၂၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကန်တော်ကြီးရပ်ကွက်ရှိ ရေကန်တွင် တာဘောင်ကျိုးပေါက်ကာ ညစ်ညမ်းရေများ ဝင်ရောက်မှုကြောင့် အဆိုပါရေကန်မှ သောက်သုံးနေသည့် ဒေသခံတစ်ထောင်ကျော် သောက်ရေအခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါရေကန်မှာ ဇွန်လအတွင်းကတစ်ကြိမ် ကန်ဘောင်ကျိုးပေါက်ကာ ရေဆိုးများဝင်ရောက်သဖြင့် ရေများကို စုတ်ထုတ်ခဲ့ရပြီး ဇူလိုင်လ ၂၆ ရက်နေ့တွင် ဒုတိယအကြိမ် ကန်ဘောင်ကျိုးပေါက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ကန်တော်ကြီးရပ်ကွက်မှ ဦးကျော်ရင်က ပြောသည်။

ထိုသို့ ကန်ဘောင်ကျိုးပေါက်မှုကြောင့် ညစ်ညမ်းရေများဝင်ရောက်လာပြီး ရေကန်မှရေများ အမဲရောင် ပြောင်းလဲကာ သောက်သုံးရန် အဆင်မပြေတော့ကြောင်း ၎င်းကဆိုသည်။

“အိမ်ခြေ ၅၀၀ ကျော်လောက်က ဒီရေကန်ကိုသောက်ရေအဖြစ် အားကိုးပြီး သောက်နေရတာပါ။ ရေကန် ပေါက်သွားတော့ အကုန်လုံးအခက်အခဲဖြစ်တာပေါ့။ မိုးရာသီဆိုတော့ မိုးရေခံပြီး နည်းနည်းတော့ သောက်သုံး လို့ရသေးတယ်။ ပိုက်ဆံရှိတဲ့သူတွေကတော့ ရေသန့်ဘူးတွေ ဝယ်သောက်ကြတယ်။ ပိုက်ဆံမရှိတဲ့သူဆိုရင် အဝေးကြီးသွားပြီး ခပ်ရတာပေါ့” ဟု ဦးကျော်ရင်ကဆိုသည်။

လက်ရှိမှာ သောက်ရေအတွက် ကန်တော်ကြီးရေကန်နှင့် အနီးအနားရှိ အဝီစိရေတွင်းတို့မှ ရေများကို အသုံး ပြုနေရကြောင်း ကန်တော်ကြီးရပ်ကွက်မှ ဒေါ်လှဆန်းမြင့်ကဆိုသည်။

“ဒီကန်ကရေကို အဓိကသုံးနေရတာဆိုတော့ ဒီကန်က ရေသုံးလို့မရရင် ဘာတစ်ခုမှ အဆင်မပြေဘူး” ဟု ၎င်းကဆိုသည်။

ပထမတစ်ကြိမ် ကန်ဘောင်ကျိုးပေါက်ခဲ့စဉ်က စစ်တွေမြို့နယ် စည်ပင်သာယာရေးကော်မတီမှ လာရောက် ကူညီခဲ့သော်လည်း ယခုတစ်ကြိမ်တွင် စေတနာရှင်များ၏ အကူအညီဖြင့် ကိုယ်ထူကိုယ်ထ ပြန်ဆည်နေကြောင်း ဒေသခံများက ဆိုသည်။

ရေကန်ဘောင်မှာ သဲမြေဖြစ်သဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် စနစ်တကျ မထိန်းသိမ်းပေးပါက နောင်နှစ်များတွင် ယခုထက်ပိုဆိုးလာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများကပြောသည်။

အဆိုပါရေကန်မှာ အလျား ၂၇၀ ပေ၊ အနံ ၇၀ ပေနဲ့ အနက် ၁၂ ပေရှိပြီး ၎င်းရေကန်၏ဘောင်များကို ခိုင်ခံ့စေရန်အတွက် ကျောက်များဖြင့်ပြုလုပ်ပေးစေလိုကြောင်း ဒေသခံများကတောင်းဆိုကြသည်။

ဗီဒီယိုများ