၈-၃-၂၀၂၁ မှ ၁၄-၃-၂၀၂၁ အထိ (တစ်ပတ်အတွင်း) ရခိုင်ပြည်နယ်အတွင်းမှ ထူးခြားဖြစ်စဉ်များ

၈-၃-၂၀၂၁ မှ ၁၄-၃-၂၀၂၁ အထိ (တစ်ပတ်အတွင်း) ရခိုင်ပြည်နယ်အတွင်းမှ ထူးခြားဖြစ်စဉ်များအား တင်ပြပေးလိုက်ပါသည်။

15 Mar 2021

မတ် - ၈

-    ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာတွင် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသား ဦးညီပုချေ အသက် (၂၇) နှစ်မှာ ခြေထောက်ပြတ်ထွက်သည့် ဒဏ်ရာရရှိခဲ့သည်။

-    မာန်အောင်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အသစ်ပြန်လည် ပြဌာန်းထားသော ဧည့်စာရင်းဥပဒေအတိုင်း မတ်လ ၈ ရက်နေ့မှစတင်ကာ ဧည့်စာရင်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့သည်။

-    မတ်လ ၈ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၌ မျိုးဆက်သစ်အမျိုးသမီးများ (Women Generation) အဖွဲ့မှ ရခိုင်ပြည်နယ်၊ စစ်တွေကမ်းခြေတွင် ငါတို့ထဘီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ  ဆောင်ပုဒ်ဖြင့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

-    ရန်ကုန်တွင် ဆန္ဒပြပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေရာမှ စားဝတ်နေရေးအခက်အခဲ ကျရောက်လာသဖြင့် ရခိုင်ရွှေ့ပြောင်း အလုပ်သမား ၁၅ဝဝ ခန့်သည် ရန်ကုန်မှ ရခိုင်သို့ လူစီးကားများဖြင့် ပြန်သွားခဲ့ကြသည်။

မတ် - ၉

-    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ မြန်မာပြည်တွင်းရှိ မီဒီယာ (၅) ခု၏ ထုတ်ဝေခြင်းလုပ်ငန်းများကို ပိတ်ပင်ကြောင်း ကြေညာထားသော်လည်း အဆိုပါကောင်စီအား အသိအမှတ်မပြုသည့်အတွက် မီဒီယာများနှင့် သတင်းသမားများအနေဖြင့် ကိုယ့်အလုပ်ကို လုပ်ကြရန် လွတ်လပ်သော သတင်းသမားများအင်အားစုက တိုက်တွန်းခဲ့သည်။

-    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်၊ တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်နှင့် ပါတီဝင်  ကိုသန့်ဇင်ဖြိုးတို့ သုံးဦးသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၉) တို့ဖြင့် တောင်ကုတ်မြို့နယ်တရားရုံးတွင် အမှုဖွင့်ခံခဲ့ရသည်။

-    ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရားပရဝုဏ်အတွင်းမှ သစ်ပင်ကြီးများအား ခုတ်လှဲခဲ့သည့်အတွက် ပြည်သူများအကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။

မတ် - ၁၀

-    ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် တောတောင်များတွင် မိုင်းရှင်းလင်းရေးကိစ္စကို မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ ဆွေးနွေးညှိနှိုင်းနေကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။

-    ရခိုင်အမျိုးသားပါတီ (ANP) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီသည် မတ်လ ၁၀ ရက်မှ ၁၁ ရက်နေ့အထိ နှစ်ရက်တာကို တံခါးပိတ်ဆွေးနွေးခဲ့ကြသည်။

-    အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာမှ ကိုမောင်သန်းမြင့်၊ ဦးမောင်တင်မြင့်၊ ဦးတင်မောင်ညွှန့်နှင့် မြေပုံမြို့နယ်၊ မြတဲတောင်ကျေးရွာမှ ကိုတင်ရွှေသန်းတို့ဒေသခံ ၅ ဦးကို မတ်လ ၁၀ ရက်နေ့တွင် ကျောက်ဖြူခရိုင်တရားရုံးမှ အပြီးသတ် အမိန့်ချမှတ်ခဲ့ရာ အပြစ်မရှိသဖြင့် တရားသေလွှတ်ပေးလိုက်သည်။

-    ရခိုင်ပြည်နယ်အတွင်းရှိ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား မတ်လ ၁၀ ရက်နေ့ နံနက်က စစ်တွေမြို့၊ အထက (၂) စာသင်ကျောင်းတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

-    တပ်မတော်မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစတင်ကာ ရခိုင်ပြည်နယ်တွင် မိုင်းရှင်းလင်းလုပ်ငန်းစဉ်များ လုပ်ဆောင်ပေးနေစဉ်ကာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲ၍ ဒဏ်ရာရသူ ၆ ဦးထိ ရှိခဲ့သည်။

-    ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်( ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်အား CDM လှုပ်ရှားဆန္ဒပြမှု၌ ပါဝင်သောကြောင့် မတ် ၁၀ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့သည်။

မတ် - ၁၁

-    ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားခြင်းအား ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာမှတစ်ဆင့် မြန်မာနိုင်ငံအကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေငြာလိုက်သည်။

-    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီကန်းပြင်စစ်ဆေးရေးဂိတ်၌ ဖရဲသီးများဖြင့် ဖုံးအုပ်ထားသည့် စိတ်ကြွဆေးပြား ၆ သိန်းခန့်အား သယ်ဆောင်လာသည့် ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာမှ ယာဉ်မောင်း ဦးမြင့်နိုင် အသက် ၃၇ နှစ် နှင့် မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာမှ ကိုဝင်းကိုကိုဦး အသက် ၂၂ နှစ် (ဘ) ဦးကျော်ဇင်လတ် တို့နှစ်ဦးအား ဖမ်းဆီးခဲ့ပြီး ပြင်ဖြူနယ်မြေစခန်း၌ မယ(ပ)၉/၂၀၂၁ မှုစိတ်ပုဒ်မ ၁၉ (က)/၂၁ဖြင့် အမှုဖွင့်ခဲ့သည်။

-    လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် ရခိုင်ပြည်နယ်စစ်တွေမြို့မှ ကျောက်တော်နှင့် ချင်းပြည်နယ် ပလက်ဝမြို့အထိ လူစီးသင်္ဘောများ ပြန်လည်ပြေးဆွဲတော့မည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဆိုသည်။

-    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (NCA-S EAO) ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ မတ်လ (၁၁) ရက် အစည်းအဝေးတွင် CDM အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အင်အားသုံးပြီး အကြမ်းဖက်နည်းလမ်းများဖြင့် ပစ်ခတ်တိုက်ခိုက် နှိမ်နင်းမှုကြောင့် ကျဆုံးသွားခဲ့ကြသည့် ပြည်သူများအားလုံးအတွက် လွန်စွာဝမ်းနည်းမိကြောင်းနှင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို ပြည်သူနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဟု PPST ၏ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့သည်။

မတ် - ၁၂

-    ၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် ရခိုင်အမျိုးသားပါတီ ဒုတိယအကြိမ်ပါတီညီလာခံ၏ ဆွေးနွေးဆုံးဖြတ်ချက်အရ နုတ်ထွက်ခွင့်ပြုစာကို ဆက်လက်ထည့်သွင်းမစဉ်းစား သဘောဖြင့် ဒေါက်တာအေးမောင်ကို ရခိုင်အမျိုးသားပါတီမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းက DMG သို့ ပြောခဲ့သည်။

-    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) စာချုပ်အား လက်မှတ်ရေးထိုးထားသည့် Karen National Union, Chin National Front, All Burma Students Democratic Front, Karen National Liberation Army-Peace Council, Pa-O National Liberation Organization, Arakan Liberation Party, Restoration Council of Shan State, Democratic Karen Benevolent Army, New Mon State Party, Lahu Democratic Union တို့သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ ဆွေးနွေးညှိနှိုင်းပြီး ဆောင်ရွက်သွားမည်ဟု PPST အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားလိုက်သည်။

-    ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နေပူခံစစ်ဘေးရှောင်စခန်းတွင် စစ်ပွဲအတွင်း သေဆုံးသူများအတွက် ဝမ်းနည်းဖွယ်အထိမ်းအမှတ်ပွဲကို မတ်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။

-    ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ (ပစက) ဥက္ကဋ္ဌနေရာနှင့် ကောင်စီအဖွဲ့ဝင် (၂) နေရာအတွက် ရခိုင်အမျိုးသား ပါတီဝင်အား ခန့်အပ်ပေးရန် တောင်းဆိုထားမှုအပေါ် မူတည်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ(နစက) နှင့် ရပ်တည်သွားခြင်း (သို့မဟုတ်) လမ်းခွဲခြင်းဖြစ်သွားနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဖေသန်းက ပြောသည်။

-    ရခိုင်အခြေစိုက် Development Media Group (DMG) သတင်းဌာနမှ အယ်ဒီတာချုပ်အပါအဝင်သတင်းထောက်များ တရားစွဲဆိုခံထားရမှုများ ပြန်လည်ရုပ်သိမ်းရန် အတွက် DMG သတင်းဌာနပေါ်တွင်သာ မူတည်ကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကပြောသည်။

-    တပ်မတော်အနေဖြင့် ဘုရား၊ ပုထိုး၊စေတီတို့ တည်ရှိရာ တောင်ကုန်းများနှင့် ရဲစခန်းတို့၌ နေရာယူထားရခြင်းမှာ လုံခြုံရေးအခြေနေအရသာ ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့က နားလည်မှုတည်ဆောက်နေဆဲ ကာလဖြစ်သည့်အတွက် ယင်းနေရာတို့၌ တပ်စွဲထားခြင်းကို ပြန်လည်ရုတ်သိမ်းရန် အစီစဉ်မရှိသေး ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။
မတ် - ၁၂

-    ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလ တိုက်ပွဲများ အတွင်း ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်များအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (ပစက) နှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုတို့က ထောက်ပံ့ကူညီပေးသွားမည်ဟု ဆိုသည်။

-    ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ လမ်းသစ်လမ်းတွင် မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက မီးရှို့မှုတစ်ခုဖြစ်ပွားခဲ့ရာမှ နေအိမ် ၇ လုံး မီးလောင်းဆုံးရှုံးခဲ့သည်။

-    ရခိုင်အမျိုးသားပါတီက အချက် ၇ ချက်ကိုပါ စစ်ကောင်စီထံ ထည့်သွင်းတောင်းဆိုခဲ့ပြီး တောင်းဆိုထားသည့် အချက်အများစုကို ရရှိထားပြီဖြစ်ကြောင်း ဆိုသည်။

မတ် - ၁၃

-    ရက္ခိုင့်တပ်တော် AAနှင့် မြန်မာ့တပ်မတော်တို့အကြား ၂ နှစ်နီးပါကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအကြား နေရပ်စွန့်ခွာ တိမ်းရှောင်လာခဲ့ကြရသည့် စစ်ဘေးရှောင်ပြည်သူများမှာ နေရပ်ပြန်လိုသည့်အတွက် ကျေးရွာတွင်းနှင့် ကျေးရွာအနီးအနားတွင် တပ်စွဲထားသော တပ်မတော်တပ်စခန်းများကို ပြန်လည်ရုပ်သိမ်းပေးရန် စစ်ဘေးဒုက္ခသည်များနှင့် စစ်ဘေးရှောင်စခန်း တာဝန်ခံများက တောင်းဆိုကြသည်။

ဗီဒီယိုများ