အခြေခံပညာကျောင်းများတွင် မေလ ၂၄ ရက်နေ့မှ စတင်ကာ ကျောင်းအပ်လက်ခံသွားမည်

တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် လာမည့် မေလ ၂၄ ရက်နေ့မှ စတင်ကာ ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကပြောသည်။

06 May 2021

DMG | မေ ၆

တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် လာမည့် မေလ ၂၄ ရက်နေ့မှ စတင်ကာ ကျောင်းအပ် လက်ခံသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကပြောသည်။

လာမည့် မေလ၂၄ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ တစ်ပတ်တိတိ ကျောင်းအပ်လက်ခံရန်အတွက် အခြေခံပညာဦးစီးဌာနမှ ပြီးခဲ့သည့် မေလ ၃ ရက်နေ့က ညွှန်ကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သူကဆိုသည်။

“ကျောင်းသူကျောင်းသားတွေအနေနဲ့ ကျောင်းအပ်ရာမှာ ငွေကြေးတစ်ခုမှ ပေးရမှာမဟုတ်ပါဘူး။ အခမဲ့ပညာရေးပါပဲ။ ငွေကြေးကို လုံးဝကောက်ခံခွင့် ပေးသွားမှာ မဟုတ်ပါဘူး။ ကလေးတွေအတွက် စာအုပ်စာတမ်း၊ ခဲတံ၊ ဘောပင်ကအစ အကုန်လုံး အခဲ့မဲ့အနေနဲ့ အဆင့်ရှိနေပါတယ်” ဟု ပြောသည်။

ကျောင်းအပ်လက်ခံကြောင်း မြေစိုက်ပိုစတာများကို ပြည်နယ်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူးရုံးများ၌ မေလ ၇ ရက်နေ့တွင်စိုက်ထူသွားမည်ဖြစ်သည်။

ထို့အပြင် ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများ ဖွင့်လှစ်သွားရန် လွန်ခဲ့သည့် ရက်ပိုင်းက ညွှန်ကြားစာ ထွက်ရှိခဲ့ပြီးဖြစ်ကာ ကိုဗစ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဦးတင်သိန်းက ပြောသည်။

“ကျောင်းစာသင်ခန်းတွေမှာ ကိုဗစ်ကာကွယ်ဖို့အတွက် အရင်တုန်းကတော့ ၆ ပေခြား ထိုင်ခိုင်းခဲ့တယ်။ အခုကတော့ ၆ ပေ (ဒါမှမဟုတ်) ၄ ပေခြားပြီး ထိုင်ခိုင်းဖို့ ညွှန်ကြားထားတယ်။ အရင်တုန်းကလို A အဆင့်ရ၊ B အဆင့်ရဆိုပြီး စစ်ဆေးတာတွေကကျတော့ ကျန်းမာရေးဌာနက အရင်ကတည်းက စစ်ဆေးပြီးဖြစ်တာကြောင့်  အခုကတော့ ကျန်းမာရေးဆိုင်ရာ လိုက်နာရမယ့် အချက် ၃၄ ချက်နဲ့ စစ်ဆေးတာတွေလုပ်သွားမှာပါ” ဟု ပြောသည်။

လက်ရှိတွင် ကျောင်းများပြန်ဖွင့်ရာတွင် အဆင်ပြေစေရေးအတွက် ရေတွင်းတူးခြင်း၊ ဘေစင်များပြင်ဆင်ခြင်းနှင့် လိုအပ်သည်များကို ဆောင်ရွက်နေဆဲဖြစ်သည့်အတွက် စစ်ဆေးမှုများကို မပြုလုပ်နိုင်သေးကြောင်းကိုလည်း သူကဆိုသည်။

 အခြေခံပညာကျောင်းများ ဖွင့်လှစ်မည်ဆိုပါက မိမိတို့၏ရင်သွေးငယ်များ ပညာရေးမချွတ်ယွင်းသွားစေရေး အတွက် ကျောင်းအပ်နှံပညာသင်ကြားပေးသွားမည်ဖြစ်ကြောင်း စစ်တွေမြို့မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးအောင်ကြည်မိုးကဆိုသည်။

“မိဘတစ်ယောက်အနေနဲ့ သားသမီးတွေရဲ့ ပညာရေးစနစ်ချွတ်ယွင်းသွားမှာကို မလိုလားဘူး။ လိုင်းပေါ်မှာ ပြောနေကြသလို ကျွန်ပညာရေးစနစ်ဆိုရင် အရင်တုန်းက ဒီမိုကရေစီအစိုးရလက်ထက်တုန်းကလည်း ဒီစာကိုပဲ သင်ခဲ့ကြရတာပဲလေ။ နောက်ပြီး ရခိုင်ပြည်နယ် အခြေအနေအရ နယ်က ကလေးတွေဆိုရင် နှစ်ဘက် တိုက်ပွဲတွေကြောင့် ကျောင်းပျက်ခဲ့ရတာတွေအများကြီးရှိခဲ့သေးတယ်။ ဒါတွေကိုလည်း ကြည့်ဖို့လိုသေးတယ်” ဟု သူကပြောသည်။

ထို့အပြင် ကလေးငယ်များအနေဖြင့် ပညာရေးနှင့် အလှမ်းကွာသွားခဲ့ပါက စိတ်လေလွင့်မှုများဖြစ်ကာ မူးယစ်ဆေးဝါး သားကောင်များအဖြစ်သို့ ကျရောက်နိုင်ကြောင်းလည်း သူကထပ်ဆင့်ပြောဆိုခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းရှိသည့် တိုင်းနှင့်ပြည်နယ်အများစုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွင့်လှစ်သည့် ကျောင်းများတွင် မတက်ရောက်နိုင်သဖြင့် ကျောင်းသား၊ ကျောင်းသူအများစုမှာ ဆန္ဒပြကန့်ကွက်မှုများ ရှိနေကြသည်။

ရခိုင်ပြည်ရှိ တက္ကသိုလ်များတွင်လည်း ကျောင်းတက်၊ မတက်ကို ကျောင်းသား၊ ကျောင်းသူများ၏ သဘောသာဖြစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများအား တိုက်ခိုက်လာပါက ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ရပ်တည်ပေးသွားမည်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ပြောဆိုထားသည်။

မြန်မာတစ်နိုင်ငံလုံး၌ ကူးစက်မြန်သည့် COVID-19 ကပ်ရောဂါဖြစ်ပွားခဲ့မှုကြောင့် အခြေခံပညာကျောင်းများကို ၂၀၂၀ ခုနှစ် ဇွန်လအတွင်းမှစတင်ကာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ