မင်းပြားတွင် ဒေသခံ ၅ ဦး မြေမြုပ်သတ်ဖြတ်ခံထားရသည့်ကိစ္စကို စုံစမ်းစစ်ဆေးပေးရန် မိသားစုဝင်များလိုလား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ဒေသခံ ၅ ဦးအားသတ်ဖြတ်ပြီး မြေကျင်းထဲတွင်မြုပ်နှံထားသည့်ကိစ္စကို စုံစမ်း စစ်ဆေးအရေးယူပေးရန် မိသားစုဝင်များကလိုလားနေကြသည်။

By နှင်းနွယ် 27 May 2020

နှင်းနွယ် | DMG
မေ ၂၇ ၊ မင်းပြား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ဒေသခံ ၅ ဦးအားသတ်ဖြတ်ပြီး မြေကျင်းထဲတွင်မြုပ်နှံထားသည့်ကိစ္စကို စုံစမ်း စစ်ဆေးအရေးယူပေးရန် မိသားစုဝင်များကလိုလားနေကြသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့က မင်းပြားမြို့နယ် မင်းရွာကျေးရွာသား ၃ ဦးတို့သည် ရွာအနီးရှိတောထဲသို့ ထင်းခုတ်ရန်သွားစဉ် ပျောက်ဆုံးသွားခဲ့သည်။ ထို့အတူ သင်းပုန်းချောင်းရွာသား ၂ ဦးမှာလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့က မိမိနေအိမ်မှ ငါးမွေးမြူးရေးခြံသို့ ဆိုင်ကယ်ဖြင့်သွားစဉ် ပျောက်ဆုံးသွားခဲ့သည်။

မင်းရွာကျေးရွာမှ ဦးသန်းကျော် ၄၈ နှစ်၊ ဦးစောလှထွန်း ၅၀ နှစ်၊ ဦးသန်းထွန်းအောင် ၅၀ နှစ်တို့ ပျောက်ဆုံး နေသဖြင့် မိသားစုဝင်များမှလိုက်လံစုံစမ်းရာတွင် တပ်မတော်မှဖမ်းဆီးသွားကြောင်း သတင်းရရှိခဲ့သည်။

ထို့နောက် ဧပြီလ ၂၃ ရက်နေ့တွင် တောင်ပုတ်ကေကျေးရွာ၏ အနောက်ဘက်တောင်ကြား၌ ၎င်းကျေးရွာသား ၃ ဦးအား မြေကျင်းတူးပြီးမြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ရကြောင်း ဦးသန်းကျော်၏ဇနီး ဒေါ်သန်းညွန့်ရီက ပြောသည်။

“အလောင်းကိုကျတော့ တလကျော်လောက်ကြာပြီးမှ ပြန်တွေ့တာ။ နှစ်ယောက်ကို တွင်းတစ်တွင်းထဲမှာ မြှုပ်ထားတယ်။ တခြားတစ်ယောက်ကိုကျတော့ တစ်ယောက်တည်း သီးသန့် မြှုပ်ထားတာ” ဟု ၎င်းကဆိုသည်။

ထို့အတူ သင်းပုန်းချောင်းကျေးရွာမှ ပျောက်ဆုံးနေသူ ဦးမောင်သန်းမြင့် ၄၅ နှစ်နှင့် ဦးဝင်းမောင် ၃၂ နှစ် တို့ကို လည်း ရန်ကုန်-စစ်တွေကားလမ်းအနီးရှိ ကြက်ယက်စေတီတောင်တွင် မြေကျင်းတစ်ခုတည်း၌ မြှုပ်နှံထား သည်ကို ဧပြီလ ၂၆ ရက်နေ့က ရှာတွေ့ခဲ့ကြောင်း မိသားစုဝင်များက ဆိုသည်။

အဝတ်စားများကို မှတ်မိ၍ မိမိခင်ပွန်းကိုဝင်းမောင်၏ ရုပ်အလောင်းဖြစ်သည်ဟု မနီနီဝင်းက အတည်ပြုသည်။

၎င်းတို့နှစ်ဦး သတ်ဖြတ်မြေမြုပ်ခံထားရသည့်နေရာမှာ တပ်မတော်က တပ်စွဲနေထိုင်ခဲ့သည့်နေရာဖြစ်သဖြင့် ၎င်းတို့သေဆုံးမှုမှာ တပ်မတော်၏လက်ချက်ဖြစ်ကြောင်း မိသားစုဝင်များမှ သံသယရှိနေကြသည်။

“မြန်မာ့တပ်မတော်က ဖမ်းသွားတာကို မမြင်လိုက်ပေမဲ့ အလောင်းကိုပြန်ရှာတွေ့တဲ့နေရာက တပ်မတော်က နေထိုင်ခဲ့တဲ့ နေရာဖြစ်နေတယ်။ ဒါ့ကြောင့် ကျမတို့ယောကျ်ားကို တပ်မတော်ကဖမ်းသွားတယ်လို့ ပြောနိုင်တာ”ဟု သေဆုံးသူ ဦးမောင်သန်းမြင့်၏ဇနီး ဒေါ်ညိမ်းမေက ဆိုသည်။

မင်းပြားဒေသခံ ၅ ဦးပျောက်ဆုံးနေသည့်ကိစ္စကို ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ထံ မိသားစုမှ တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာထူးခြားမှုမရှိခဲ့ဘဲ ပျောက်ဆုံးပြီး တစ်လခန့်အကြာတွင် အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

မြေကျင်းထဲတွင်မြုပ်နှံထားသည့် အလောင်းတစ်ခုအား ပြန်လည်တူးဖော်ထားစဉ်။

၎င်းတို့ပျောက်ဆုံးနေသည့်ကိစ္စကို စုံစမ်းစစ်ဆေးပေးရန် ဖေဖေါ်ဝါရီလအတွင်းက အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံ တင်ပြထားခဲ့သော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားလာခြင်း မရှိသေးကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက ဆိုသည်။

“မိသားစုဝင်တွေက ပထမတော့ ပျောက်သွားတယ်ဆိုပြီး လာတိုင်တာ။ တလလောက်ကြာတော့မှ အလောင်း တွေ့တယ်ဆိုပြီး ပြန်တိုင်လာတယ်။ သူတို့လာတိုင်ကတည်းက ကျနော်တို့က လူ့အခွင့်အရေးကော်မရှင်ကို တိုင်ထားတာ။ လူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးဖို့ကလည်း သူတို့က စစ်တပ်ကို မလွန်ဆန်နိုင်ကြဘူး။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့ထပ်ပီးလုပ်ဆောင်နိုင်တာ မရှိတော့ဘူး” ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ မင်းပြားဒေသခံ ၅ ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရသူများကို DMG က ဆက်သွယ် မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲကာလအတွင်း အရပ်သားများ သေဆုံးမှုနှင့် ဖမ်းဆီးခံရမှုများမှာ မြင့်တက်လျက်ရှိနေသည်။

ဗီဒီယိုများ