မောင်တောမြို့နယ်တွင် တောင်မြေပြိုကျ၍ အမျိုးသားတစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယနေ့ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက တောပေါ်တွင်သစ်ပင်ခုတ်သည့် အမျိုးသားတစ်ဦးမှာ တောင်မြေပြိုကျ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

29 Jul 2021

DMG ၊ ဇူလိုင် ၂၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယနေ့ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက တောပေါ်တွင်သစ်ပင်ခုတ်သည့် အမျိုးသားတစ်ဦးမှာ တောင်မြေပြိုကျ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ သေဆုံးသူမှာ အောင်သာယာကျေးရွာမှ ဦးထွန်းကျော် အသက်(၄၀)နှစ်ဖြစ်ပြီး နံသာတောင်ကျေးရွာတွင် အဖော်များနှင့် ယာယီနေထိုင်ကာ ငါးပိုက်ချသည့်အလုပ်ကို လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

နံသာတောင်ဆရာတော်ဦးစရဏက "သူက အောင်သာယာကျေးရွာက၊ နံသာတောင်မှာ ယာယီနေထိုင်နေတာ။ ဒီနေ့ နေအိမ်ဆောက်ဖို့ဖို့ ကွမ်းသီးပင်ရွာဟောင်းမှာ သစ်ပင်သွားခုတ်ရာမှာ မြေပြိုပြီးသေသွားတာလို့သိရတယ်"ဟု မိန့်ကြားသည်။

ဦးထွန်းကျော်မှာ အဖော်နှစ်ဦးနှင့်အတူ နေအိမ်ဆောက်လုပ်ရန်အတွက် သစ်များရှာဖွေရန်သွားစဉ် ယင်းသို့မြေပြိုမှုကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း နံသာတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ချေက ပြောသည်။

"သူတို့ ၃ ဦးက သူတို့နေထိုင်နေတဲ့နေအိမ်မှာ အတွဲအိမ်လေးဆောက်ဖို့ သစ်ပင်သွားခုတ်ကြတာ။ မိုးကြီးနေတော့ ရွာသူရွာသား တွေက တားကြသေးတယ်လို့သိရတယ်။ သစ်ပင်ခုတ်နေတဲ့အချိန်မှာ တောင်မြေပြိုကျပြီး ၁ ဦးသေဆုံးသွာတာ" ဟု ဆိုသည်။

လက်ရှိမှာ သေဆုံးသူ၏ရုပ်အလောင်းအား မောင်တောဆေးရုံသို့ ယူဆောင်ရန် မောင်တောကရုဏာကွန်ယက်မှ သွားရောက်လျှက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ