ကိုဗစ်ဗိုင်းရပ်စ်ပိုးတွေ့လူနာအမှတ် ၂၃၄ နှင့် ထိတွေ့ခဲ့သူများကို Facility Quarantine ထားရှိရန် မလိုအပ်သေးကြောင်းပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ကိုဗစ်-၁၉ ပို့တွေ့လူနာအမှတ် ၂၃၄ နှင့် ထိတွေ့ခဲ့သူများအား Facility Quarantine ထားရှိရန် အစီအစဉ်မရှိသေးကြောင်း မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်းက DMG သို့ ပြောသည်။

By ကျော်မျိုးအောင် 04 Jun 2020

ကျော်မျိုးအောင် | DMG
ဇွန် ၄ ၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ကိုဗစ်-၁၉ ပို့တွေ့လူနာအမှတ် ၂၃၄ နှင့် ထိတွေ့ခဲ့သူများအား Facility Quarantine ထားရှိရန် အစီအစဉ်မရှိသေးကြောင်း မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်းက DMG သို့ ပြောသည်။

“သူနဲ့ထိတွေ့ခဲ့သူတွေကို Facility Quarantine ထားရှိဖို့မလိုအပ်ဘူး။ သူတို့က PPE ဝတ်စုံတွေနဲ့ ထိတွေခဲ့ တာသာဖြစ်တယ်။ သူနေထိုင်ခဲ့တဲ့ ကျေးရွာတွေကိုလဲ lock down ချဖို့ အစီအစဉ်မရှိသေးဘူး။ ရွာကိုကွင်းဆင်း စစ်ဆေးရအုံးမှာဖြစ်တယ်” ဟု ဒေါက်တာကျော်မောင်မောင်သိန်းက ပြောကြားသည်။

ဇွန်လ ၃ ရက်နေ့အတွက် ဒုတိယအသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)တွင် ဓါတ်ခွဲနမူနာ ၆၈၄ ခုကို စစ်ဆေးရာ ထိုသို့လူနာသစ်တစ်ဦးအဖြစ်တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ နံနက်ပိုင်းအချိန်က ထုတ်ပြန်သည်။

အသက် ၃၈ နှစ်အရွယ် အမျိုးသားလူနာသစ်နှင့်အတူ မိသားစုဝင် ၅ ဦးသည် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံမှ မေ ၃၀ ရက် နေ့တွင် မောင်တောမြို့နယ်သို့ တရားမဝင် ဝင်ရောက်လာကာ ဦးရှည့်ကျကျေးရွာ၌ ၂ ညခန့် နေထိုင်ခဲ့ပြီး ၎င်းတို့ ၅ ဦးကို လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းတွင် Quarantine ထားရှိသည်။

“အဲဒီကျေးရွာကို လော့ဒေါင်းချထားဖို့ ပြည်နယ်ဝန်ကြီးချုပ်ဆီကိုတော့ တင်ပြထားတယ်။ ထိတွေ့ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း Facility Quarantine ထားဖို့လိုတယ်” ဟု မောင်တောမြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်က ပြောသည်။

လက်ရှိအချိန်၌ မောင်တောမြို့နယ်ရှိ ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြသည့်အတွက် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ချက်များကို ပြည်သူများအား ပွင့်လင်းစွာချပြသင့်ကြောင်း ၎င်းကဆက်၍ အကြံပြုသည်။

“သူတို့ မိသားစုရောက်နေတာကို ကျနော်တို့သိတဲ့အချိန်မှာ သူတို့က မိသားစုဆွေမျိုးတွေနဲ့ တွေ့ပြီးနေပြီ။ အခု သူတို့ကို အိမ်ထဲကအိမ်ပြင်မထွက်ခိုင်းဖို့ ကျေးရွာတစ်ခုလုံးကိုလည်း ရွာပြင်မထွက်ဖို့ ငါးခူရနယ်မြေ နယ်ခြားစောင့်စခန်းက အကြောင်းကြားလာလို့ ရွာပြင်ကိုမထွက်ဖို့ ပြောထားတယ်” ဟု ဦးရှည့်ကျကျေးရွာ အုပ်ချုပ်ရေးမှူး ဆီရာဆ်ဆလာမ်က DMG သို့ ပြောကြားသည်။

ကိုဗစ်-၁၉ ကာလတွင် နှစ်နိုင်ငံပြန်လည်လက်ခံရေး အစီအစဉ်များကို ပိတ်ပင်ထာချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုများ ရှိနေခြင်းကြောင့် ပြည်သူများအနေဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုများရှိနေကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇွန်လ ၃ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံနေရသူ ၅၅၁၄၀ ဦး၊ သေဆုံးသူ ၇၄၆ ဦး အထိရှိနေသည်။

လက်ရှိအချိန်၌ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ၁ ဦး၊ တောင်ကုတ်မြို့တွင် ၁ ဦးနှင့် မောင်တောမြို့နယ်တွင် ၁ ဦး စုစုပေါင်း ပိုးတွေ့ရှိသူ ၃ ဦးရှိနေပြီဖြစ်သည်။

ဗီဒီယိုများ