မောင်တောတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရသဖြင့် နှစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ အောင်ဇူနယ်ခြားစောင့်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ သဖြင့် ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

16 Apr 2020

ချလူးအောင် | DMG
ဧပြီ ၁၆ ၊ မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ အောင်ဇူနယ်ခြားစောင့်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ သဖြင့် ဒုတပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ကျဆုံးသွားသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ ဒုတပ်ကြပ် အောင်အောင်နှင့် တပ်သား စည်သူအောင်တို့ ဖြစ်ကြပြီး ၎င်းတို့ကိုင်ဆောင်ထားသည့် သေနတ်နှစ်လက်လည်း ပျောက်ဆုံးနေကြောင်း သိရသည်။

အောင်ဇူနယ်ခြားစောင့်ရဲစခန်းမှ ဒုတပ်ကြပ်အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦးသည် ယမန်နေ့(ဧပြီလ ၁၅ ရက်)နေ့က ခမောင်းဆိပ်မြို့မှပြန်လာစဉ် ဝေလာတောင်ကျေးရွာနှင့် ခမောင်းဆိပ်ကြားတွင် အင်အား ၃၀ ခန့် ရှိသည့် အာဆာအဖွဲ့နှင့်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ခမောင်းဆိပ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အနော်ဗလီအနီးမှာ အင်အား ၃၀ လောက်ရှိတဲ့ အာဆာအဖွဲ့နဲ့ထိတွေ့ပြီး ပစ်ခတ်မှုဖြစ်ပွားကြတော့ ၂ ဦး ကျဆုံးသွားပြီး နောက် ၂ ဦးက ထွက်ပြေးလွတ်မြောက်လာတယ်”ဟု ၎င်းကဆိုသည်။

တိုက်ခိုက်ခံရမှုတွင်ပါဝင်ခဲ့သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်သား စည်သူအောင်နှင့် သက်ဖြိုးအောင်တို့ နှစ်ဦးကိုမူ ၎င်းတို့ကိုင်ဆောင်သည့် သေနတ်နှစ်လက်နှင့်အတူ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းများကို မီးရှို့ထားခဲ့ကာ ၎င်းတို့ ကိုင်ဆောင်ထားသည့် BA 63 သေနတ်နှစ်လက်လည်း ပျောက်ဆုံးနေကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

“နှစ်ဦးကို အလောင်းတွေ့တယ်။ အလောင်းကိုတောင် မီးရှို့ထားတယ်လို့သိရတယ်။ တစ်ဦးက ပုန်းနေတာကို ပြန်တွေ့တယ်လို့သိရတယ်။ နောက်တစ်ဦးကတော့ ပျောက်နေတယ်။ လက်နက်တွေလဲပါသွားမှာပေါ့။ အာဆာ ဖြစ်မှာပေါ့ဗျာ။ အဲဒီပတ်ဝန်းကျင်က အာဆာလှုပ်ရှားမှုတွေရှိတဲ့နေရာ”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၃၀ ရက်နေ့ကလည်း ဆင်သေပြင်ကျေးရွာ အနော်ဗလီအနီး တောဝက် သွားထောင်သည့် ဒေသခံများအား အာဆာအကြမ်းဖက်အဖွဲ့မှ လက်လုပ်မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ဗီဒီယိုများ