မောင်တောတွင် ကိုဗစ်လူနာတွေ့ရှိပြီးနောက် တစ်ဖက်နိုင်ငံမှ အမျိုးသား ၄ ဦး တရားမဝင်လမ်းကြောင်းမှ ထပ်မံဝင်ရောက်လာ

မောင်တောမြို့နယ်၌ ကိုဗစ်ပိုးတွေ့လူနာသစ် ၁ ဦးတွေ့ရှိပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုးသား ၄ ဦးသည် တရားမဝင်လမ်းကြောင်းမှ ထပ်မံဝင်ရောက်လာကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် ထံမှ သိရသည်။

By ကျော်မျိုးအောင် 05 Jun 2020

ကျော်မျိုးအောင် | DMG
ဇွန် ၅ ၊ မောင်တော

မောင်တောမြို့နယ်၌ ကိုဗစ်ပိုးတွေ့လူနာသစ် ၁ ဦးတွေ့ရှိပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမျိုးသား ၄ ဦးသည် တရားမဝင်လမ်းကြောင်းမှ ထပ်မံဝင်ရောက်လာကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် ထံမှ သိရသည်။

ထိုသို့ ထပ်မံဝင်ရောက်လာကြသူများမှာ ဇွန်လ ၄ ရက်နေ့တွင် မွတ်စလင်အမျိုးသား ၁ ဦး၊ ဟိန္ဒူလူမျိုး ၁ ဦးနှင့် ဇွန်လ ၅ ရက်နေ့ နေ့လည်ပိုင်းအချိန်၌ မွတ်စင်လင်အမျိုးသား ၂ ဦး စုစုပေါင်း ၄ ဦးတို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှသိရသည်။

“သတင်းရတာနဲ့ ချက်ချင်းပဲ လူအများနဲ့ထိတွေ့မှုမရှိရအောင် ကျန်းမာရေးဌာနက တာဝန်ရှိသူတွေက လှဖိုးခေါင်စခန်းမှာ Facility Quarantine ထားရှိဖို့ပို့ဆောင်လိုက်တယ်” ဟု ဦးစိုးအောင်က ဆိုသည်။

လက်ရှိအချိန်၌ ဇွန် ၄ ရက်နေ့က ဝင်ရောက်လာသူနှစ်အား ဆေးစစ်ရန် ဓါတ်ခွဲနမူနာကိုပို့ထားပြီးဖြစ် သော်လည်း ကျန် ၂ ဦးအား မလုပ်ဆောင်ရသေးပေ။

ကိုဗစ်-၁၉ ကာလအတွင်း နှစ်နိုင်ငံပြန်လည်လက်ခံရေး အစီအစဉ်များကို ပိတ်ပင်ထားစဉ် တရားမဝင် ဝင်ရောက်မှုများကို သက်ဆိုင်ရာအာဏာပိုင်တို့က မတားဆီးနိုင်သည့်အပေါ် ပြည်သူများက ဝေဖန်မှုများစွာ ဖြစ်ပေါ်နေကြသည်။

ယခုကဲ့သို့ ဆက်လက်ဝင်ရောက်မှုများရှိနေပါက မောင်တောမြို့နယ်တွင် ရောဂါကူးစက်မှု များပြားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

“အဲဒီက နယ်စပ်ဂိတ်ပေါက်တွေမှာ အဂတိမလိုက်စားဖို့ အရေးကြီးတယ်။ အခုအချိန်မှာ ဟိုဖက်နိုင်ငံမှာလည်း ရောဂါကူးစက်မှုတွေ များလာနေပြီးတော့ ဒုက္ခသည်စခန်းတွေမှာတောင် သေဆုံး၊ ကူးစက်မှုတွေ များလာနေတော့ ဒီဖက်ကို ခိုးကူးလာကြမှာပဲ။ ဂိတ်ပေါက်တွေမှာ စောင့်နေတဲ့ နယ်ခြားစောင့်တွေက ငွေရရင်ပြီးရော၊ ငွေမပေးရဘဲ ဝင်လာတာ ဘယ်သူမှမရှိဘူး”ဟု မောင်တောမြို့မှ မြို့မိ၊ မြို့ဖတစ်ဦးဖြစ်သူ ဦးဘသာက ထောက်ပြ ပြောဆိုသည်။

မောင်တောခရိုင် အုပ်ချုပ်ရေးမှူးကမူ “အခုဝင်လာနေကြတာက သူတို့ဘာသာသူတို့ လာချင်တဲ့လမ်းကြောင်းက လာနေကြတာ။ ဒီလောက်ရှည်လျားတဲ့ နယ်စပ်တစ်လျှောက်ကို ထိန်းချုပ်ဖို့မလွယ်ဘူး”ဟု ဆိုသည်။

ယင်းသို့ ဝင်ရောက်ကြသူ ၄ ဦးသည် မောင်တောမြို့နယ် ရွှေစားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နေထိုင်ခဲ့ကြသူများဖြစ်ကာ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုဖြစ်စဉ်တွင် တစ်ဘက်နိုင်ငံသို့ နေရပ်စွန့်ခွာသွားကြခြင်း ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်သို့ မေလ ၃၀ ရက်နေ့တွင် တစ်ဘက်နိုင်ငံမှ မိသားစုဝင် ၅ ဦးတို့ တရားမဝင် ဝင်ရောက် လာကြသည့်အထဲတွင် အမျိုးသား ၁ ဦးထံမှ ကိုဗစ်ရောဂါပို့တွေ့ရှိခဲ့ကြောင်း၊ ယင်းသို့ ပိုးတွေ့ရှိသူ လူနာအမှတ် ၂၃၄ နှင့် ထိတွေ့ဆက်ဆံခဲ့သူ ၃၄ ဦးအား လက်ရှိအချိန်မှာ Quarantine ထားရှိထားကြောင်း မောင်တော ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်အတွင်းမှ ကိုဗစ်- ၁၉ ပိုးတွေ့ရှိထားသူ ၃ ဦးရှိနေကာ သံတွဲ ၁ ဦး၊ တောင်ကုတ် ၁ ဦးနှင့် မောင်တောမြို့နယ်တွင် ၁ ဦးတို့ဖြစ်ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဇွန်လ ၅ ရက်နေ့အထိ Covid-19 ရောဂါကူးစက်သူ ၆၀၃၉၁ ဦး၊ သေဆုံးသူ ၈၁၁ ဦး၊ ပြန်လည်ကောင်းမွန်လာသူ ၁၂၈၀ ဦးရှိကြောင်း Worldometers.info ၏ ထုတ်ပြန်ချက်အရသိရသည်။

ဗီဒီယိုများ