ပြန်ပေးဆွဲခံရသည့် ပညာရေးဝန်ထမ်းနှစ်ဦး ရခိုင်သို့ပြန်ရောက်ပြီ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်ပေးဆွဲခံလိုက်ရသည့် မောင်တောဒေသတွင် တာဝန်ထမ်းဆောင်နေသော ပညာရေး ဝန်ထမ်းနှစ်ဦးသည် ပြန်လည်လွတ်မြောက်လာပြီးနောက် ယမန်နေ့(ဇွန် ၂၃ ရက်)၊ညနေ ၁၀ နာရီခန့်တွင် ရခိုင်ပြည်သို့ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

24 Jun 2022

DMG ၊ ဇွန်လ ၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်ပေးဆွဲခံလိုက်ရသည့် မောင်တောဒေသတွင် တာဝန်ထမ်းဆောင်နေသော ပညာရေး ဝန်ထမ်းနှစ်ဦးသည် ပြန်လည်လွတ်မြောက်လာပြီးနောက် ယမန်နေ့(ဇွန် ၂၃ ရက်)၊ညနေ ၁၀ နာရီခန့်တွင် ရခိုင်ပြည်သို့ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာ မူလတန်းလွန် ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ကို ယမန်နေ့ နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နတ်မြစ်ကမ်းခြေရှိ ခြံချောင်း(ရခိုင်)ကျေးရွာတွင် ပြန်လွှတ်ပေးခဲ့သည်။

ထို့နောက် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့သည် ၎င်းတို့နှစ်ဦးကို စစ်ဆေးမေးမြန်းရန် ခေါ်ယူခဲ့ပြီးနောက် ညနေပိုင်း တွင် မောင်တောမြို့ နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ  မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားထိပ်တွင်  ကော့ဘဇားမြို့အခြေစိုက် အမှတ် (၃၄) BGBနယ်ခြားစောင့်တပ်ကိုယ်စားလှယ်အဖွဲ့က မြန်မာနယ်ခြား စောင့်တပ်ဖွဲ့ဝင်များကို လွှဲပေးခဲ့ခြင်းဖြစ်သည်။

“တောင်ပြိုလက်ဝဲကို မနေ့ ည ၁၀နာရီလောက်က ရောက်ကြပါတယ်။ တောင်ပြို လက်ဝဲကနေ သူတို့ကို လုံခြုံရေးနဲ့ ခေါ်လာမှာပါ။ နှစ်ယောက်လုံး ကျန်းကျန်းမာမာပါပဲ။ဘင်္ဂလားဒေ့ရှ်ကနေ တရားဝင်ပြန်ပို့ပေးတာပါ။ ကျနော်တော့ မောင်တောကပဲ စောင့် လိုက်တော့မယ်။ သူတို့ ဒီကို ၁၀နာရီလောက်ရောက်မယ်လို့မှန်းပါတယ်။ အခုတောင် လမ်းမှာ လာနေကြပြီ ထင်တယ်”ဟု သူကပြောသည်။

အဆိုပါ ဆရာမနှစ်ဦးသည်  ဇွန်လ ၁၆ ရက်နေ့က သင်္ဘောလှကျေးရွာမှတဆင့် မောင်တောမြို့နယ်ပညာ ရေးမှူးရုံးသို့ အလုပ်ကိစ္စဖြင့် သွားရောက်စဉ် ရွာနှင့် (၇)မိုင်ခန့်ဝေးကွာသည့် ကျောက်ချောင်းရွာအနီးတွင် လူတစ်စု၏ ပြန်ပေးဆွဲခြင်းခံရခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးကို လိုချင်လျင် မြန်မာငွေကျပ်သိန်းတစ်ထောင်နှင့်ညီမျှသော ဘင်္ဂလားဒေ့ရှ်တာကာငွေ သိန်း(၅၀) ဖြင့်ပြန်ရွေးရန် ပြန်ပေးသမားများက မြို့နယ်ပညာရေးဌာနနှင့်မိသားစုဝင်များသို့ ကမ်းလှမ်းလာသည်။ ထို့ကြောင့် မိသားစုဝင်များနှင့် ပညာရေးဌာနက ပြန်ပေးသမားများတောင်းဆိုလာသည့် ငွေပမာဏကို ၎င်းတို့ကို လွှဲပေးလိုက်သဖြင့် အဆိုပါ ဝန်ထမ်းနှစ်ဦးလွတ်မြောက်လာခြင်းဖြစ်သည်။

အဆိုပါ ပညာရေးဝန်ထမ်းနှစ်ဦးကို ARSA အဖွဲ့က ပြန်ပေးဆွဲသွားခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသော်လည်း ၎င်းတို့လက်ချက်မဟုတ်ဟု ARSA အဖွဲ့က ငြင်းဆိုထားသည်။

ထို့ကြောင့် ပညာရေးဝန်ထမ်းနှစ်ဦးကို  မည်သည့်အဖွဲ့အစည်းက ပြန်ပေးဆွဲသည်ကို လက်ရှိအချိန်ထိ မသိရှိရသေးပေ။

ဗီဒီယိုများ