မောင်တောတွင် ကျောင်းဆရာတစ်ဦးအပါဝင် (၃) ဦးကို အကြမ်းဖက်ဥပဒေဖြင့် တရာစွဲ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ကျောင်းဆရာတစ်ဦး၊ ကျေးရွာတာဝန်ခံတစ်ဦးနှင့် ဒေသခံတစ်ဦးတို့အား ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က မောင်တောခရိုင်တရားရုံးမှာ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က)၊ (ဈ) တို့ဖြင့် တရားစွဲတင်လိုက်ကြောင်း သိရသည်။

12 May 2020

ချလူးအောင်၊ DMG
မေ ၁၂၊  မောင်တော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ကျောင်းဆရာတစ်ဦး၊ ကျေးရွာတာဝန်ခံတစ်ဦးနှင့် ဒေသခံတစ်ဦးတို့အား ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က မောင်တောခရိုင်တရားရုံးမှာ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က)၊ (ဈ) တို့ဖြင့် တရားစွဲတင်လိုက်ကြောင်း သိရသည်။

တရားစွဲးတင်ခြင်း ခံရသူများမှာ မောင်တောမြို့ (၄) မိုင်ရပ်ကွက်မှ ကျောင်းဆရာ ဦးကျော်လင်းထွန်း၊ ငွေတောင်ကျေးရွာ တာဝန်ခံ ဦးအောင်လှသိန်းနှင့် အမှတ် (၃) ရပ်ကွက်မှ ကိုညီညီနိုင် ဖြစ်ကြောင်း မောင်တော ခရိုင်တရားရုံးမှ သိရသည်။

" ဒီနေ့မှာ ခရိုင်တရားရုံးက သူတို့ (၃) ဦးစလုံးကို အကြမ်းဖက်ဥပဒေနဲ့ တရားစွဲတင်လိုက်တယ်။ အမှုက (၂) ခုဖြစ်တယ်။ ညီညီနိုင်ဆိုသူက ငွေတောင်ကျေးရွာ တာဝန်ခံ အမှုမှာလည်းပါတယ်။ ကျောင်းဆရာ အမှုမှာလည်း ပါဝင်နေတယ်" ဟု မောင်တောခရိုင် ဥပဒေအထောက်အကူပြုကော်မတီဥက္ကဌ တရားလွှတ်တော်ရှေ့နေ ဦးခင်ဝင်းက ပြောသည်။

ဦးကျော်လင်းထွန်းမှာ မောင်တော အထက (၂) တွင် စာသင်ပြနေသူဖြစ်ပြီး ပြီးခဲ့သည့် မတ်လ (၃၁)ရက်နေ့တွင် သူ၏နေအိမ်မှ ပြင်ဖြူ နယ်မြေရဲစခန်းသို့ စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရကြောင်း မိသားစုဝင်များ၏ ပြောဆိုချက်အရ သိရသည်။

"ကျွန်မ ယောက်ျားကို အိမ်ကနေ မေးစရာရှိတယ်ဆိုပြီး ပြင်ဖြူ စခန်းက လာခေါ်သွားတယ်။ နောက်ပြီး တရားရုံးမှာ ရမန် (၃) ကြိမ် (၄) ကြိမ်ရယူတယ်။ ရက် (၃၀) ပြည့်သွားလို့ ရမန်ယူလို့ မရတော့တဲ့အတွက် နောက် ပေါက်ကွဲမှုတစ်ခုနဲ့ ချုပ်ရမန်ယူပြီး အခုတရားစွဲတင်တာဖြစ်တယ်။ အဲဒါက ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါ " ဟု ကျောင်းဆရာ၏ ဇနီးဖြစ်သူ မနုနှင်းဇံက ဆိုသည်။

ထို့အတူ ငွေတောင်ကျေးရွာ တာဝန်ခံ ဦးအောင်လှသိန်းအား ဧပြီလ (၄) ရက်နေ့တွင် ငွေတောင်ကျေးရွာနှင့် ပြားသားကျေးရွာကြား ပေါက်ကွဲးမှုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး သံသယဖြင့် ၎င်းနေအိမ်မှ ပြင်ဖြူနယ်မြေစခန်းသို့ စစ်ဆေးစရာများရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဖြစ်ကြောင်းလည်း သိရသည်။

ယင်းအပြင် ကိုညီညီနိုင်မှာ ပြီးခဲ့သည့် မတ်လက မောင်တော (၅) မိုင်သို့ သမီးရည်းစား ချိန်းတေ့ွရန် သွားရောက်စဉ် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သူ၏ဖခင် ဦးမောင်ငွေစိန်က ပြောသည်။

ယင်း ကိုညီညီနိုင် ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် မတ်လ (၂၅) ရက်နေ့က ဘူးသီးတောင်-မောင်တော သွားလမ်းတွင် မိုင်းထောင်နေသူ ညီညီနိုင်အား ဖမ်းဆီးရမိခဲ့ပြီး အမျိုးသာတစ်ဦး အမျိုးသမီး ၂ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း တပ်မတော် ကာကွယ်ရေးရုံးက သတင်းထုတ်ပြန်ထားသည်။

သူတို့ (၃)ဦးအား လာမည့် မေလ (၂၅) ရက်နေ့တွင် မောင်တောခရိုင်တရားရုံးမှ ရုံးချိန်း ထပ်မံသတ်မှတ်ထားကြောင်း မိသားစုဝင်များက ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့၏ စစ်ရေးပဋိပက္ခအတွင်း သံသယကြောင့် ဒေသခံများမှာ အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံရမှုများလည်း များပြားလာနေသည်။

ဗီဒီယိုများ