သံသယဖြင့် ဖမ်းဆီးခံထားရသူများ ဆေးဝါးနှင့် အစားအသောက်များ လိုအပ်

“ကျွန်တော်ကိုယ်တိုင်လည်း ထောင်ထဲမှာနေလာရတာပါ။ တုပ်ကွေးဖျားနာမှုတွေက ဖြစ်နေကြတယ်။ ထောင်ထဲမှာ ဆရာဝန်မရှိတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေပါတယ်။ အပြင်ဆရာဝန်က တစ်ပတ်မှာ တစ်ခါလောက်ရောက်ဖြစ်တယ်။ လူနာတွေများလို့ တန်းစီပြီးစောင့်ဆိုင်းနေရတယ်။ ထောင်မှာ အမြဲတမ်းဆရာဝန် ချထားပေးစေချင်တယ်”

04 Oct 2019

ကျော်သူဌေး|DMG

အောက်တိုဘာ ၄၊ စစ်တွေ

စစ်တွေအကျဉ်းထောင်တွင် သံသယဖြင့် ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရသူ (၁၀၀)ကျော်အနက် အများစု မှာ မိသားစုဝင်များကိုယ်တိုင် စစ်ဘေးရှောင်စခန်းမှာဖြစ်နေသောကြောင့် ထောင်ဝင်စာမရောက်နိုင်သည့် အတွက် ဆေးဝါးပစ္စည်း၊အစားအသောက်နှင့်အသုံးအဆောင်အဝတ်အထည်များလိုအပ်နေသည်ဟု ကိုမေယု ထွန်းက ပြောသည်။

တချို့အမှုရင်ဆိုင်နေရသူများမှာ တုပ်ကွေးဖျားနာခြင်းများဖြစ်ပေါ်နေပြီး ထောင်တွင်းဆရာဝန်မရှိသည့် အတွက် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းနေသည်ဟု ၎င်းတို့ကို ကူညီပေးနေသည့် ကိုမေယုထွန်းက ပြောသည်။

“ကျွန်တော်ကိုယ်တိုင်လည်း ထောင်ထဲမှာနေလာရတာပါ။ တုပ်ကွေးဖျားနာမှုတွေက ဖြစ်နေကြတယ်။ ထောင်ထဲမှာ ဆရာဝန်မရှိတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေပါတယ်။ အပြင်ဆရာဝန်က တစ်ပတ်မှာ တစ်ခါလောက်ရောက်ဖြစ်တယ်။ လူနာတွေများလို့ တန်းစီပြီးစောင့်ဆိုင်းနေရတယ်။ ထောင်မှာ အမြဲတမ်းဆရာဝန် ချထားပေးစေချင်တယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်တွေအကျဉ်းထောင်တာဝန်ရှိသူများကိုဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း အဆက် အသွယ်မရရှိခဲ့ပေ။ ပြည်သူများအနေဖြင့် အမှုရင်ဆိုင်နေရသူများအတွက် လူသားချင်းစာနာထောက်ထားပြီး အစားအသောက်နှင့် ဆေး ဝါးပစ္စည်းများကို ကူညီပေးရန်လည်း ကိုမေယုထွန်းက တိုက်တွန်းသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းကစတင်ပြီး တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း AA နှင့်ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီးခံထားရသူ (၁၃၀)ခန့်ရှိကြောင်း ရခိုင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံက သိရသည်။

ဗီဒီယိုများ