ပြည်မမှ ရခိုင်သို့ ဆေးဝါးပစ္စည်းများတင်သွင်းခြင်းကို စစ်ကောင်စီမှ ဟန့်တားလာ

ပြည်မဘက်မှ ရခိုင်ပြည်အတွင်းသို့ တင်သွင်းနေသည့် ဆေးဝါးပစ္စည်းများကို စစ်ကောင်စီစစ်ဆေးရေးဂိတ်များမှ ဖြတ်သန်းခွင့်မပြုဘဲ ကန့်သတ်ပိတ်ပင်ခြင်းများရှိနေသည်ဟု ဆေးကုမ္ပဏီများ၊ ဆေးဝါးပစ္စည်းများ ရောင်းချနေသူများနှင့် ကျန်းမာရေးအသိုင်းအဝိုင်းများထံမှ စုံစမ်းသိရှိရသည်။

30 Sep 2022

ဆေးဆိုင်ကြော်ငြာတစ်ခုအား စစ်တွေမြို့တွင်း တစ်နေရာတွင် တွေ့ရစဉ်

DMG ၊ စက်တင်ဘာ ၃၀

ပြည်မဘက်မှ ရခိုင်ပြည်အတွင်းသို့ တင်သွင်းနေသည့် ဆေးဝါးပစ္စည်းများကို စစ်ကောင်စီစစ်ဆေးရေးဂိတ်များမှ ဖြတ်သန်းခွင့်မပြုဘဲ ကန့်သတ်ပိတ်ပင်ခြင်းများရှိနေသည်ဟု ဆေးကုမ္ပဏီများ၊ ဆေးဝါးပစ္စည်းများ ရောင်းချနေသူများနှင့် ကျန်းမာရေးအသိုင်းအဝိုင်းများထံမှ စုံစမ်းသိရှိရသည်။

ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ လက်မှတ်ပါသော်လည်း စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်းမရှိ စစ်ဆေးရေးဂိတ်များမှ ဆေးဝါးပစ္စည်းများကို သယ်ယူခွင့်မပြုသည့်အတွက် ဆေးကုမ္မဏီကားများ ဖြတ်သန်းခွင့်မရဘဲ ပြန်လှည့်ခဲ့ရသည်ဟု ပြည်မရှိ ဆေးကုမ္ပဏီနှင့် တိုက်ရိုက်ချိတ်ဆက်ကာ ရောင်းချနေသော စစ်တွေမြို့မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဆေးဆိုင်ကြီးတစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက DMG ကိုပြောသည်။

“(စစ်ကောင်စီ)သူတို့က တရားဝင်ထုတ်ပြန်ပြီး ကန့်သတ်ရင်တောင် တရားဝင်တုံ့ပြန်လို့ရပါသေးတယ်။ တရားဝင်မထုတ်ပြန်ပဲ အခုလိုလုပ်နေလို့ ပိုပြီးခက်ခဲပါတယ်။ အရင်က ကုန်းလမ်းကနေ တရားဝင်လိုင်စင်နဲ့ ဆေးကုမ္ပဏီတွေက သယ်ခွင့်ရပါတယ်။ နယ်လုံဝန်ကြီးလက်မှတ်နဲ့ သယ်ခွင့်ရပါတယ်။ အခုက နယ်လုံဝန်ကြီးလက်မှတ် ပါပါ၊ မပါပါ သူတို့(စစ်ကောင်စီ)က သယ်ယူခွင့်မပြုတော့ဘူး”ဟု သူကပြောသည်။

ယင်းအပြင် ပြည်မဘက်မှ ဆေးဝါးပစ္စည်းများကို ရခိုင်သို့ အဓိကတင်သွင်းနေသည့် ကုန်းလမ်းကြောင်းကို ပိတ်ပင်ထားသည်သာမက လေကြောင်းလမ်းမှ ဆေးဝါးပစ္စည်းများ သယ်ယူခွင့်ကိုလည်း ကန့်သတ်မှုများရှိလာနေသည်ဟု အဆိုပါ စစ်တွေမြို့ဆေးဆိုင်ကြီးမှ တာဝန်ရှိသူကပြောသည်။

“ဆေးဝါးတွေကို ကုန်လမ်းကပဲ အဓိကသယ်ယူကြရတာဖြစ်တယ်။ ဆေးတွေကို သင်္ဘောနဲ့လည်း မသယ်ယူကြပါဘူး။ လေယာဉ်နဲ့က ကုန်ကျစရိတ်တွေများလို့ အရေးကြီးတဲ့ဆေးတွေကိုပဲ သယ်ယူတယ်။ အရင်က လေယာဉ်နဲ့သယ်ယူခွင့်ပြုခဲ့ပေမယ့် အခု လေယာဉ်နဲ့လည်းခွင့်မပြုတော့ဘူး။ တရားဝင်ထုတ်ပြန်ထားတာမဟုတ်ပေမယ့် သူတို့က (ဆေးဝါးပစ္စည်း)ပုံးအရေအတွက် အများကြီးသယ်ယူခွင့် မပြုဘူးလို့ပြောတယ်။ လက်ဆွဲအိတ် တစ်အိတ်စာလေးလောက်ပဲ သယ်ခွင့်ပေးတယ်”ဟု ၎င်းကြေ
ပာသည်။

ရခိုင်ပြည်သို့ ဆေးဝါးပစ္စည်းများ တင်သွင်းခွင့်ကို တရားဝင်ပိတ်ပင်ထားခြင်းမဟုတ်သော်လည်း စက်တင်ဘာလ ၁၅ ရက်နောက်ပိုင်းမှစတင်ကာ ဆေးဝါးပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီမှ ကန့်သတ်ပိတ်ပင်လာခြင်းဖြစ်သည်ဟု သိရသည်။

ပြည်မဘက်မှ ဆေးဝါးပစ္စည်းများကို ရခိုင်သို့ တင်သွင်းမည်ဆိုပါက နယ်/လုံဝန်ကြီးထံတွင် တင်ပြပြီးနောက် ခွင့်ပြုချက်ယူကြရသည်။ သို့သော်လည်း ပြီးခဲ့သည့်တစ်ပတ်ခန့်မှစတင်ကာ တင်ပြသည့် ဆေးဝါးပစ္စည်းများနှင့် သက်ဆိုင်သည့် စာရွက်၊စာတန်းများကို နယ်/လုံလက်အောက်ခံများမှ ဆေးကုမ္ပဏီများကို ပြန်လည်ပေးအပ်နေသည်ဟု စစ်တွေမြို့ရှိ ဆေးဝါးဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက DMG ကိုပြောသည်။

“ဆေးပစ္စည်းမှာမယ်ဆိုရင် ပထမဆုံး နယ်/လုံဝန်ကြီးကို တင်ပြရတယ်။ အခုက နယ်/လုံဝန်ကြီးဆီကို စာတင်တာကိုလည်း တင်တဲ့စာရွက်တွေကို ကုမ္မဏီတွေကိုပြန်ပေးတယ်။ အခုအချိန်ထိ ရန်ကုန်ကဝင်လာတဲ့ကားတွေကို ပြန်လှည့်ခိုင်းပြီး ကုမ္မဏီတွေကို ပြန်ယူဖို့ခိုင်းတယ်”ဟု သူကပြောသည်။

လက်ရှိတွင် စစ်ကောင်စီမှ ဆေးဝါးပစ္စည်းတင်သွင်းခွင့်ကို ကန့်သတ်ထားသလို သိုလှောင်ထားသည့် ဆေးဝါးပစ္စည်းများမှာလည်း နှစ်လခန့်သာအသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ဆေးပစ္စည်းများ ပြတ်တောက်သွားမည်ကို ကျန်းမာရေးအသိုင်းအဝိုင်းများမှ စိုးရိမ်နေကြသည်။

“ပုံမှန်သုံးနေတဲ့ဆေးတွေက ပြတ်ထွက်သွားနိုင်တယ်။ ဆီးချိုဆေးတွေ၊ သွေးကျဆေးတွေ၊ အားဆေးတွေပေါ့။ ကုမ္ပဏီတွေမှာလည်း အများကြီးလှောင်ထားကြတာလည်း မဟုတ်ပါဘူး။ တစ်လစာ၊ နှစ်လစာလောက်မှာပြီး လည်ပတ်နေကြတာပါ။ အခုဆို ဆေးတွေပြတ်နေပြီလို့ သတင်းတွေထွက်လာတော့ (ငွေကြေး)တတ်နိုင်တဲ့လူတွေက အများကြီးဝယ်လိုက်ကြတော့ ပုံမှန်ထက်ပိုပြီး စောစောပြတ်သွားနိုင်တယ်”ဟု ပြောသည်။

ယင်းအပြင် ပြည်မဘက်မှ ဆေးဝါးပစ္စည်းများကို စစ်တွေမြို့သို့ အဓိကတင်သွင်းပြီးနောက် ယင်းမှတစ်ဆင့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များကို ဖြန့်ဖြူးရောင်းချနေကြခြင်းဖြစ်သည်။ ထိုသို့အခြေအနေများတွင် ဆေးဝါးပစ္စည်းများတင်သွင်းခြင်းကို စစ်ကောင်စီမှ ပိတ်ပင်ထားခြင်းသည် ကျေးလက်နေပြည်သူများအတွက် ပို၍ အခက်အခဲကြုံလာနိုင်ကြောင်း စစ်တွေမြို့ ကျန်းမာရေးအသိုင်းအဝိုင်းမှ ဆရာဝန်တစ်ဦးကပြောသည်။

“မြို့ထက်ကလူတွေက နည်းနည်းခံသာနိုင်ပေမယ့်လည်း အစွန်အဖျားကလူတွေ၊ အောက်ခြေလူတန်းစားတွေ၊ စစ်‌ဘေးရှောင်စခန်းတွေ၊ နယ်ဘက်ကလူတွေကပိုပြီး အရင်ဆုံး ဆိုးဝါးစွာထိခိုက်ခံစားရမယ်။ ဆေးဝါးတွေလည်း ဈေးတက်လာမယ်လို့မြင်တယ်“ဟု သူကပြောသည်။

ယင်းအပြင် လက်ရှိရခိုင်ပြည်တွင်းတွင်လည်း စစ်တွေမြို့မှတစ်ဆင့် အခြားသောမြို့နယ်များကို ဆေးဝါးပစ္စည်းများ သယ်ယူပို့ဆောင်များကို စစ်ကောင်စီဘက်မှ စစ်ဆေးမေးမြန်းခြင်း၊တားဆီးပိတ်ပင်ခြင်းများ ပြုလုပ်နေသည့်အတွက် အခက်အခဲများကြုံနေရသည်ဟု ဆေးဝါးများ ဖြန့်ဖြူးရောင်းချပေးနေသူများထံမှ သိရသည်။

တစ်ဖက်တွင် စစ်ကောင်စီသည် ရခိုင်ပြည်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ရေးတင်းမာလျက်ရှိနေပြီး ယခုနှစ် သြဂုတ်လ ၁၄ ရက်နေ့မှစတင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်များမှ ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသည်။ ထို့ပြင် စစ်တွေမြို့မှ အခြားမြို့နယ်များသို့ ပြေးဆွဲနေသည့် ရေယာဉ်လိုင်းများကိုလည်း ပိတ်ပင်ထားသည်။

ဗီဒီယိုများ