ငြိမ်းချမ်းရေးကို ဦးတည်သည့်အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ထားမည်ဟု မဟာမိတ်သုံးဖွဲ့ဆို

“အဓိကတော့ မဟာမိတ်သုံးဖွဲ့လုံးရဲ့ နယ်မြေတွေမှာ ကျနော်တို့ဘက်ကနေပြီးတော့ ထိုးစစ်ဆင်မှုတွေ မလုပ်ဘူး။ သို့သော် စစ်တပ်ဘက်ကနေပြီးတော့ တိုက်ခိုက်လာလို့ရှိရင် ကျနော်တို့က ကိုယ့်ကို ခုခံကာကွယ်တဲ့အနေနဲ့ ပြန်ပြီးတိုက်ခိုက်သွားမယ်”

By ဝင်းညွန့် 04 Sep 2019

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ / ဓာတ်ပုံ - တွစ်တာ

ဝင်းညွန့် | DMG
စက်တင်ဘာ ၄၊ စစ်တွေ

ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် သြဂုတ်လ ၃၁ ရက်နေ့ကပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၏ သဘောထားစုစည်းမှုကို အခြေခံပြီး ငြိမ်းချမ်းရေးကို ဦးတည်သည့်အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ထားမည်ဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုလမ်းစဉ်ဖြင့် ရေရှည်ကြာမြင့်ခဲ့သော လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် ထိုးစစ်ကိုရပ်ထားမည်ဖြစ်ကြောင်း မဟာမိတ်သုံးဖွဲ့က ဆိုသည်။

သို့သော် တပ်မတော်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိလာပါက မိမိကိုယ်ကို ခုခံကာကွယ်စစ်ဖြင့် တုန့်ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အဓိကတော့ မဟာမိတ်သုံးဖွဲ့လုံးရဲ့ နယ်မြေတွေမှာ ကျနော်တို့ဘက်ကနေပြီးတော့ ထိုးစစ်ဆင်မှုတွေ မလုပ်ဘူး။ သို့သော် စစ်တပ်ဘက်ကနေပြီးတော့ တိုက်ခိုက်လာလို့ရှိရင် ကျနော်တို့က ကိုယ့်ကို ခုခံကာကွယ်တဲ့အနေနဲ့ ပြန်ပြီးတိုက်ခိုက်သွားမယ်” ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

ကျိုင်းတုံဆွေးနွေးပွဲတွင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့သည် လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများ ရပ်တန့်ရေးကိစ္စကို တပ်မတော်နှင့် ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့သည်။
တပ်မတော်ဘက်ကလည်း ငြိမ်းချမ်းရေးကို လုပ်လိုစိတ်ရှိပါက ထိုးစစ်ဆင်မှုများကို ရပ်တန့်ရန်လိုကြောင်း ခိုင်သုခက ဆိုသည်။

“ငြိမ်းချမ်းရေးကို ဦးတည်တဲ့အလုပ်ကို စစ်တပ်ဘက်က လုပ်လို့စိတ်ရှိတယ်ဆိုရင်တော့ သူတို့ဘက်ကလည်း သူတို့စစ်ဆင်ရေးတွေကို ရပ်တန့်တယ်ဆိုရင်တော့ နှစ်ဖက်လုံးအပြုသဘောဆောင်မယ့် အနေအထားမျိုး ရှိတယ်။ ကျနော်တို့ဘက်က အပြုသဘောနဲ့လုပ်တာဖြစ်တယ်” ဟု ၎င်းကပြောသည်။

မဟာမိတ် ၃ ဖွဲ့အနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲများ ဖော်လိုသောစိတ်ရင်းစေတနာအမှန်ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း စက်တင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ