နေ/စားစရိတ် မြင့်မားမှုကြောင့် နယ်မှကျောင်းလာတက်သည့် အဝေးကျောင်းသားတချို့ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ကာ ပညာသင်ယူနေရ

၂၀၂၂ခုနှစ် တက္ကသိုလ်ပညာသင်နှစ်၊ ရခိုင်ပြည်၊ စစ်တွေတက္ကသိုလ်ကို နယ်ဝေးမှကျောင်းလာတက်သည့် အဝေးသင် ကျောင်းသား/သူများမှာ နေစရိတ်၊ စားစရိတ်မြင့်မားမှုကြောင့် ကျောင်းသားတချို့မှာ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ပြီး ပညာသင်ကြားနေရကြောင်း သိရသည်။

14 Jun 2022

DMG ၊ ဇွန် ၁၄

၂၀၂၂ခုနှစ် တက္ကသိုလ်ပညာသင်နှစ်၊ ရခိုင်ပြည်၊ စစ်တွေတက္ကသိုလ်ကို နယ်ဝေးမှကျောင်းလာတက်သည့် အဝေးသင် ကျောင်းသား/သူများမှာ နေစရိတ်၊ စားစရိတ်မြင့်မားမှုကြောင့် ကျောင်းသားတချို့မှာ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ပြီး ပညာသင်ကြားနေရကြောင်း သိရသည်။

ပြီးခဲ့သည် နှစ်များထက် စားရေးသောက်ရေးစရိတ်မြင့်မားခြင်း၊ ကျူရှင်ကျောင်းလခဈေးတက်သွားခြင်း၊ အဆောင်နေစရိတ် မြင့်မားခြင်းနှင့်အတူ စက်သုံးဆီဈေးတက်သွားခြင်းကြောင့် ကျောင်းသွား/ပြန် စရိတ်ဈေးကြီးခြင်း၊ တခြားကုန်ပစ္စည်း များလည်း ဈေးနှုန်းမြင့်တက်နေသည့်အတွက် ကျောင်းသား/သူများမှာ အခက်အခဲဖြစ်နေကြခြင်းဖြစ်ကြောင်း သိရသည်။

အဆောင်နေအိမ်စရိတ်မှာ ပြီးခဲ့သည့်နှစ်က တစ်လကို ငွေသုံးသောင်းကျပ်သာပေးခဲ့ရပေမဲ့ ယခုနှစ်တွင် တစ်လကို ခြောက်သောင်းကျပ်ထိပေးရသည့်အတွက် ငွေကြေးအဆင်မပြေသူများမှာ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ကာ ပညာသင်ကြားနေကြခြင်းဖြစ်ကြောင်း စိတ္တသုခ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သည့် မြန်မာစာနောက်ဆုံးနှစ်  ကျောင်းသား ကိုဝင်းနိုင်လင်း ကဆိုသည်။

“အဓိကတော့ ပိုက်ဆံကြောင့်လို့ပဲပြောရမှာပေါ့။ ငွေအကုန်ကျသက်သာအောင်လို့ ဘုန်းတော်ကြီး ကျောင်းမှာနေထိုင်တာပါ။ ဘယ်လိုပဲဆိုဆို နေစရိတ်တစ်ခုတော့ သက်သာသွားတာပေါ့။ နယ်ဝေးကလာပြီး ကျောင်းတက်ရတာဆိုတော့ ငွေကိုချွေတာသုံးစွဲရတာပါပဲ” ဟု သူက ဆိုသည်။

အလားတူ ကျူရှင်ကျောင်းလခမှာလည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ငွေကျပ် ၇၅၀၀၀ ၊၂၀၁၉ ခုနှစ်အတွင်း ငွေကျပ် ၈၅၀၀၀၊ ယခု ၂၀၂၂ ခုနှစ်မှာ ငွေကျပ် ၉၈၀၀၀ အထိပေးနေကြရသောကြောင့် ငွေကြေးအဆင်မပြေသူများမှာ ကျူရှင်ဝိုင်း မတက်ရောက်နိုင်သူများလည်းရှိကြောင်း အဝေးသင်ကျောင်းသား/သူများထံမှ သိရသည်။

ဘုန်းတော်ကြီးကျောင်းတွင်နေထိုင်သည့် မြန်မာစာအထူးပြုကျောင်းသား ကိုကျော်မျိုးထွန်းကလည်း “ ကျနော်တို့က ဘုန်းတော်ကြီးကျောင်းမှာနေတယ်ဆိုပေမဲ့ အပြင်မှာထမင်းစားတယ်ပေါ့နော်။ အရင်နှစ်က ထမင်းတစ်ထပ်စားရင် ငွေ ၁၅၀၀ လောက်နဲ့အဆင်ပြေပြီး ဒီနှစ်မှာ မရတော့ဘူး အနည်းဆုံး ၂၀၀၀၊ ၂၅၀၀ လောက်နဲ့မှ စားလို့ရတယ်။ ဆီဈေးတွေတက်သွားတော့ ကျောင်းသွား/ပြန်စရိတ်နဲ့ အကုန်လုံးပေါင်းရင် တစ်ရက်မှာ ငွေတစ်သောင်း လောက်ကုန်ပါတယ်။ အဓိက အကုန်လုံးဈေးတက်သွားလို့ပဲ ပြောရမှာပါပေါ့ ” ဟု ပြောဆိုထားသည်။

စားသောက်ရေးစရိတ်မှာလည်း ပြီးခဲ့သည့်နှစ်က တစ်လကို ငွေကျပ်ခုနှစ်သောင်းသာပေးခဲ့ရသော်လည်း ယခုနှစ်တွင် တစ်သိန်းကျပ်အထိ ပေးနေရသည်ဟုလည်း  အဆောင်နေထိုင်နေသည့် ကျောင်းသူ မခင်ဌေးက ဆိုသည်။

“တတိယနှစ်ကျောင်းတက်တုန်းကဆိုရင် ၄၅ ရက် ဒီမှာနေပြီး ကျောင်းတက်တာ ငွေ ၄သိန်းလောက်နဲ့ လုံလုံလောက်လောက်သုံးနိုင်ခဲ့တယ်။ ဒီနှစ်ဆို ကုန်ဈေးနှုန်းအရမ်းတက်လို့ ခြောက်သိန်းအထက်ကိုပဲ ကုန်မယ်လို့ထင်ပါတယ်။ ဒီနှစ်က စီးပွားရေးတွေလည်းအဆင်မပြေကြဘူး အကုန်လုံးအခက်အခဲဖြစ်ကြတယ်။ ကျမတို့ကျောင်းသား/သူတွေလည်း အခက်အခဲဖြစ်ရပါတယ် ”ဟုဆိုသည်။

စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ကုန်ဈေးနှုန်းမှာ တဟုန်ထိုးမြင့်တက်လာခဲ့ပြီး လက်ရှိအချိန်ထိ ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိနေသည်။

၂၀၂၂ ခုနှစ် အဝေးသင်တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား/သူ စုစုပေါင်း ( ၃၄၉၁ ) ယောက်ရှိပြီး၊ ယင်းထဲတွင် ပထမအသုတ်သိပ္ပံတွဲမှ ၂၅၂ ယောက်၊ ဒုတိယအသုတ်ဝိဇ္ဇာတွဲမှ ၉၄၂ ယောက်၊ တတိယအသုတ်မှ ဝိဇ္ဇာတွဲမှကျောင်းသား၊ သူဦးရေ ၂၂၉၇ ယောက်ရှိသည်ဟု စစ်တွေအဝေးသင်ဌာန (ခွဲ) စာရင်းအရသိရသည်။

ဗီဒီယိုများ