ကျိုက်ထိုတွင် လူမှုကူညီရေးကား ပစ်ခတ်ခံရ၍ ပရဟိတအဖွဲ့ဝင်တစ်ဦးသေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာရှိ လူမှုကူညီရေးအသင်း ကားတစ်စီးမှာ  မနေ့က ဇွန် ၉ ရက် ည ၉ နာရီ ကျော်အချိန်က ကျိုက်ထိုမြို့သို့ အရေးပေါ်လူနာနှစ်ဦး ပို့ဆောင်ပြီး ရွာသို့ပြန်လာစဉ် ပစ်ခတ်ခံရမှုကြောင့် လူမှုကူညီရေးအသင်းဝင်တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

10 Jun 2022

ဓါတ်ပုံ - စစ်တောင်းကျေးရွာလူမှုကူညီရေးအသင်း။

DMG ၊ ဇွန် ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာရှိ လူမှုကူညီရေးအသင်း ကားတစ်စီးမှာ  မနေ့က ဇွန် ၉ ရက် ည ၉ နာရီ ကျော်အချိန်က ကျိုက်ထိုမြို့သို့ အရေးပေါ်လူနာနှစ်ဦး ပို့ဆောင်ပြီး ရွာသို့ပြန်လာစဉ် ပစ်ခတ်ခံရမှုကြောင့် လူမှုကူညီရေးအသင်းဝင်တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်တောင်းနာရေးကူညီမှု အသင်းယာဉ်ကို ရန်ကုန်-မော်လမြိုင် ကားလမ်းမအနီး အင်္ဂဘိုလ်ကျေးရွာ၌ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်ငယ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အသင်းဝင်တစ်ဦး ထိခိုက်ဒဏ်ရာရကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်တောင်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

“ရွာသားနှစ်ယောက်ရန်ဖြစ်ပြီး ဓားနဲ့ထိုးခံရလို့ ကျိုက်ထိုဆေးရုံကို သွားပို့ရင်း အပြန်မှာ အပစ်ခံရတာ။ ညက အပစ်ခံရတာ။ သေနတ်နဲ့ကော လက်နက်ကြီးနဲ့ ပစ်တဲ့အသံကြားရတယ်။ မှားပစ်မိတာလို့တော့ ပြောတယ်။ ကျိုက်ထိုပြန်ပို့ရင်း လမ်းမှာ ပစ်ခတ်မှုကြောင့် ရွာရဲ့နာရေးကူညီမှု အသင်းဝင်တစ်ဦး ခါးကိုကျည် ထိသွားလို့ လမ်းမှာပဲ ဆုံးသွားတယ် ” ဟု အဆိုပါဒေသခံက ပြောသည်။

သေဆုံးသူမှာ လူမှုကူညီရေး အသင်းဝင် စစ်တောင်းကျေးရွာသား အသက် ၂၁ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်ဆိုသူဖြစ်ကြောင်းလည်း စစ်တောင်းနာရေးကူညီမှုအသင်းက ထုတ်ပြန်ထားသည်။

ကျိုက်ထိုမြို့နယ်သည် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်၊ KNLA ပူးပေါင်းအဖွဲ့တို့နှင့် စစ်ရေးတင်းမာမှုအမြဲတမ်း ရှိသည့်နေရာတခုဖြစ်ပြီး မနေ့က ဖြစ်စဉ်ကြောင့် လက်ရှိတွင် ဒေသခံနေပြည်သူတို့မှာ လမ်းသွားလမ်းလာ စိုးရိမ်မှုမြင့်တက်နေကြသည်။
“ဆေးရုံကြီး ဘက်ကို လူနာတင်ယာဉ်တစ်စီးလာတဲ့ အသံကိုကြားရတော့ သေနတ်ပစ်တဲ့ အသံကော လက်နက်ပစ်တဲ့ အသံတွေပါ ကြားရတော့တာပဲ။ ဘာဖြစ်မှန်းတော့မသိဘူး။ အခုမှ စစ်တောင်းနာကူအသင်းရဲ့ လူနာတင်ယာဉ် အပစ်ခံရတယ်လို့ သိရတာပါ ” ကျိုက်ထိုမြို့ ခံတစ်ဦး မှဆိုသည်။

ထိုသို့ လူမှုကူညီရေးအသင်း ကားပစ်ခတ်ခံမှုကြောင့် ပရဟိတအဖွဲ့ဝင်တဦး သေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီဘက်တော့ တစုံတရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ကျိုက်ထိုမြို့နယ်နှင့် အင်္ဂဘိုလ်ကျေးရွာကြားတွင် စစ်ကောင်စီတပ်များ ကင်းပုန်းဝပ်ခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် လူမှုကူညီရေးအသင်းယာဉ်များ ပစ်ခတ်ရမှုရှိလာ၍ ဒေသခံများ သတိကြီးစွာဖြင့် သွားလာကြရန် ဒေသခံကာကွယ်ရေးအဖွဲ့နှင့် ကေအန်ယူတပ်မဟာ (၁) KNLA အဖွဲ့တို့က သတိပေးမှုများရှိနေသည်။

ဗီဒီယိုများ