လူဦးရေ(၁၀၀၀)ကျော်ခိုလှုံနေသည့် မြတောင်စစ်ရှောင်စခန်းတွင် အိမ်သာများလိုအပ်

လူဦးရေ (၁၀၀၀)ကျော်ခိုလှုံနေသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ မြတောင်ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် အိမ်သာများ အရေးပေါ်လိုအပ်နေသည် စခန်းတာဝန်ခံထံမှ သိရသည်။ 

By ဝံသ 25 Feb 2020

(ဓာတ်ပုံ - အောင်ချေ)

ဝံသ(မောင်တော) | DMG
ဖေဖော်ဝါရီ ၂၅၊ ဘူးသီးတောင်

လူဦးရေ (၁၀၀၀)ကျော်ခိုလှုံနေသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ မြတောင်ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် အိမ်သာများ အရေးပေါ်လိုအပ်နေသည် စခန်းတာဝန်ခံထံမှ သိရသည်။

ယင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု (၂၇၆)စုနှင့် လူဦးရေ (၁၃၇၀)ဦး ခိုလှုံနေကြသည်။

“စစ်ဘေးရှောင်ဦးရေက တစ်နေ့ထက်တစ်နေ့များလာနေပါတယ်။ အိမ်သာက ၃ လုံးပဲရှိတယ်။ အိမ်သာများစွာလိုအပ်နေပါတယ်။ အခုက သေးသေးလေးတွေ အရေးပေါ်ဆောက်လုပ်နေရတယ်" ဟု စခန်းတာဝန်ခံ ကိုထွန်းမြတ်ဝင်းက ပြောသည်။

အိမ်သာမရှိသောကြောင့် နွေရာသီကာလတွင် ဝမ်းလျှော၊ဝမ်းပျက်ရောဂါများ ဖြစ်ပွားလာမည်ကို စိုးရိမ်သည်ဟု စစ်ဘေးရှောင် ဦးမောင်သာအေးက ပြောသည်။

“အခုကနွေရာသီရောက်လာပြီ။ စစ်ဘေးရှောင်စခန်းတွေမှာ လူကလည်း တဖြည်းဖြည်းများလာနေတယ်။ အိမ်သာကလည်း မလုံလောက်ဘူး။ တောဝင်ပြီးကိစ္စရှင်းနေကြရတယ်။ ဝမ်းရောဂါတွေဖြစ်ပွားလာမှာ စိုးရိမ်ပါတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် အိမ်သာများအမြန်ဆုံးဆောက်လုပ်ပေးရန် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖေဖော်ဝါရီလ ၁၉ ရက်နေ့က သက်ဆိုင်ရာ အာဏာပိုင်များကို မှာကြားခဲ့သည်။

ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က “အိမ်သာတွေ အမြန်ဆုံး ဆောက်လုပ်ဖို့ ပြည်နယ်အစိုးရကို တင်ပြထားတယ်။ အိမ် ၅၀ မှာ တစ်လုံးကျ မှန်းထားတယ်။ ဒါပေမဲ့ ငွေကျလာတဲ့အပေါ်မှာ မူတည်ပြီး လိုအပ်သလို အမြန်ဆုံး ဆောက်လုပ်ပေးသွားမှာပါ။ ယာယီယင်လုံအိမ်သာ ဆောက်လုပ်သွားမှာဖြစ်တယ်” ဟု ဆိုသည်။

အဆိုပါစခန်းရှိ စစ်ဘေးရှောင်များမှာ ဘူသီးတောင်မြို့နယ် နှင့် ရသေ့တောင်မြို့နယ်တို့မှ ဒေသခံများဖြစ်ကြပြီး ကျေးရွာမျာအနီး တိုက်ပွဲဖြစ်ပွားမှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်သည်။

ဗီဒီယိုများ