နေအိမ်ဖယ်ရှားခံရသည့် စစ်တွေမှကျူး ၄၀၀ ကျော်ကို ပုဏ္ဏားကျွန်းသို့ စတင်ပြောင်းရွှေ့

စစ်တွေမြို့တွင် ကျူးကျော်များဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နေအိမ်ဖယ်ရှားမှုကြောင့် အိုးမဲ့အိမ်မဲ့  ဖြစ်သွားကြသည့် လူဦးရေ ၄၀၀ ကျော်ကို ရိုက်ဒါဖောင်ဒေးရှင်း၏အကူအညီဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ကျေးရွာသို့ ယနေ့(မတ်လ ၂၄ ရက်နေ့)တွင် စတင်ပြောင်းရွှေ့နေပြီဟု သိရသည်။

24 Mar 2022

စစ်တွေမှနေအိမ်ဖယ်ရှားခံရသည့် ကျူးကျော်များ ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ကျေးရွာသို့ ပြောင်းရွှေ့လာပုံ။

DMG ၊ မတ် ၂၄

စစ်တွေမြို့တွင် ကျူးကျော်များဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နေအိမ်ဖယ်ရှားမှုကြောင့် အိုးမဲ့အိမ်မဲ့  ဖြစ်သွားကြသည့် လူဦးရေ ၄၀၀ ကျော်ကို ရိုက်ဒါဖောင်ဒေးရှင်း၏အကူအညီဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ကျေးရွာသို့ ယနေ့(မတ်လ ၂၄ ရက်နေ့)တွင် စတင်ပြောင်းရွှေ့နေပြီဟု သိရသည်။

၎င်းတို့မှာ မတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့အတွင်း နေအိမ်များဖယ်ရှားခံလိုက်ရသည့် စစ်တွေမီးရထား ဘူတာအနီးတွင် နေထိုင်သူများနှင့် အာဂျိတ်တော်ကုန်းသုဿာန်မြေတွင် နေထိုင်သူများဖြစ်ကြသည်။ ၎င်းတို့ကို တန်းစွယ်ရွာအနီးမှာ ခြောက်လတာနေထိုင်ခွင့်ပြုမည်ဖြစ်ကာ အလှူငွေကောက်ခံပြီး စားနပ်ရိက္ခာ ထောက်ပံ့မည်ဟု ရိုက်ဒါဖောင်းဒေးရှင်းမှ ကိုရိုက်ဒါကပြောသည်။

“အခုနေထိုင်ဖို့ အဆောက်အုံဆောက်ဖို့အတွက် သစ်၊ဝါးတွေရှိတဲ့ အလှူငွေကောက်ခံပြီးရတဲ့ ငွေနဲ့ဝယ်တယ်။ ပိုက်ဆံကိုတော့တတ်နိုင်တဲ့သူတွေဆီက လှူဒါန်းစေချင်တယ်။ ပြည်ပမှာရောက်နေတဲ့သူတွေဆီကလည်း လှူကြတယ်။ ပြည်တွင်းက တတ်နိုင်တဲ့သူတွေဆီကလည်း လှူစေချင်တယ်။ ဒုက္ခရောက်နေတဲ့သူတွေကို ဝိုင်းဝန်းကူညီကြပေးစေချင်တယ်”ဟု ၎င်းကဆိုသည်။

နေထိုင်ရန်နေရာတစ်ခုရရှိသည့်အတွက် ဝမ်းသာသော်လည်း ယင်းဒေသတွင် အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးထိခိုက်မည်ကိုစိုးရိမ်မိသည်ဟု အာဂျိတ်တော်ကုန်းတွင် နေထိုင်ခဲ့သည့် မသန်းသန်းဌေးက ပြောသည်။

အာဂျိတ်တော်ကုန်းတွင် နေထိုင်ခဲ့သည့် ဦးခင်မောင်ကလည်း “ကျနော်တို့ကတော့ စစ်တွေမြို့ကိုမှီခိုပြီး စားသောက်နေတာဆိုတော့ ဒီနေရာကိုပြောင်းလာတော့ တစ်လနေလို့ လုပ်ကိုင်စားသောက်ရမှာကိုမမြင်ဘူး။ စစ်တွေမြို့နဲ့အနီးမှာ လုပ်စားဖို့နေရာတစ်ခုရရင်တော့ ကောင်းတာပေါ့။ ဒီနေရာမှာက လုပ်ကိုင်စားသောက်ဖို့  အလုပ်လည်းမရှိဘူး။ လုပ်ကိုင်စားသောက်လို့ရမယ့်နေရာကို ချပေးရင်ကျေနပ်ပါပြီ”ဟု ဆိုသည်။

၎င်းတို့ကို ခြောက်လတာသာ နေထိုင်ခွင့်ပြုမည်ဟုပြောဆိုထားသောကြောင့် နေထိုင်ခွင့်သက်တမ်းကုန်ဆုံးလျှင် နေထိုင်စရာမရှိဘဲဖြစ်သွားလိမ့်မည်ကို စိုးရိမ်သည်ဟုလည်း ဦးခင်မောင်ကဆက်လက်ပြောသည်။ သို့သော်လည်း ရိုက်ဒါဖောင်ဒေးရှင်းဘက်ကမူ သက်တမ်းကုန်ဆုံးသွားလျှင်လည်း အခြေအနေအပေါ်မူတည်ပြီး စီစဉ်ပေးမည်ဟု ဆိုသည်။

“ခြောက်လအတွင်းမှာ ရခိုင်ပြည်ဘာဖြစ်လာမလည်းဘယ်သူမှမသိဘူး။ ထပ်ပြီးဆိုးရွားနေမယ်ဆိုရင် အဲဒီနေရာမှာထားပြီး စောင့်ရှောက်သွားမယ်။ ခြောက်လပြီးရင်သွားတော့ အဲလိုမျိုးဆိုမရဘူးလေ။ ခြောက်လအတွင်းမှာတော့ သူတို့ကိုအတတ်နိုင်ဆုံးရုန်းခိုင်းမယ်။ ခြောက်လအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေနိုင်သေးရင် ဒီမှာနေပြီးရုန်းကန်ခိုင်းမယ်။ အမြဲဒုက္ခသည်ဘဝနဲ့ နေလို့မရဘူးလေ”ဟု ကိုရိုက်ဒါကပြောသည်။

လက်ရှိတွင် တန်းစွယ်ရွာအနီးတွင် အဆောက်အအုံများဆောက်လုပ်မပြီးစီးသေးသောကြောင့် တာလပတ်ချာများကိုခင်းကာ အရိပ်ရသည့်နေရာတွင်များတွင် နေထိုင်လျက်ရှိကြသည်ဟု ပြောင်းရွှေ့သွားကြသူများထံမှ သိရသည်။

ဗီဒီယိုများ