စစ်တွေ အမှတ်(၁)ရဲစခန်းဘေးပတ်လည်မှ ဖယ်ရှားခံရသည့်ဆိုင်ခန်းများကို မိဇံဈေးသစ်တွင် အစားထိုးပေးမည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းဘေးပတ်လည်မှ ဖယ်ရှားခံရသည့်ဆိုင်ခန်းများကို မိဇံဈေးတည်ဆောက်ပြီးပါက အစားထိုးဆိုင်ခန်းများ နေရာချပေးသွားမည်ဟု သိရသည်။

08 Aug 2022

DMG ၊ ဩဂုတ် ၈

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းဘေးပတ်လည်မှ ဖယ်ရှားခံရသည့်ဆိုင်ခန်းများကို မိဇံဈေးတည်ဆောက်ပြီးပါက အစားထိုးဆိုင်ခန်းများ နေရာချပေးသွားမည်ဟု သိရသည်။

အမှတ်(၁)ရဲစခန်း ဘေးပတ်လည်မှဆိုင်ခန်း ၇၉ ခန်းကို စခန်းလုံခြုံရေးတိုးမြှင့်ရန်အကြောင်းပြချက်ဖြင့် ၂၀၁၉ ခုနှစ်က ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆိုင်ခန်းဖယ်ရှားခံလိုက်ရသူများကို လက်ရှိတည်ဆောက်နေသည့် မိဇံအဆင့်မြင့်နှစ်ထပ်ဈေးကြီးပြီးစီးပါက နေရာချပေးသွားမည်ဟု အဆိုပါဈေးကို တာဝန်ယူတည်ဆောက်နေသည့် ဆန်းမြင့်ထွန်းကုမ္ပဏီမှ မန်နေဂျာ ကိုဝင်းကျော်လှိုင်ကပြောသည်။

“ကျနော်တို့ ၂၀၁၉ မှာ ရဲစခန်းက ဆိုင်ခန်းတွေကိုဖယ်ရှားနေတဲ့ အချိန်မှာ ကျနော်တို့ဈေးသစ်ဆောက်ရင် ပြန်နေရာပေးဖို့ လျာထားတာရှိတယ်။ ဆိုင်ခန်းပိုင်ရှင်တွေကို ကျနော်တို့ကုမ္ပဏီဘက်က သယံဇာတရေးရာဝန်ကြီးနဲ့တိုင်ပင်ပြီး ဆိုင်ခန်း ၇၉ ခန်းကို ကုမ္ပဏီကတာဝန်ယူနေရာပေးသွားဖို့ရှိပါတယ်”ဟု ၎င်းကဆိုသည်။

မိဇံအဆင့်မြင့်နှစ်ထပ်ဈေးရုံကြီးကို စစ်တွေမြို့၊ မိဇံရပ်ကွက်မှ မြို့လယ်ချောင်းတံတားရှိ စည်ပင်ပိုင်မြေတွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလမှစတင်တည်ဆောက်နေခြင်းဖြစ်သည်။

လက်ရှိတွင် မိဇံဈေးသစ်မှာ မြေပြင်အနေအထားအရ ၄၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ပြီး လာမည့် ၂၀၂၃ ခုနှစ် သင်္ကြန်မတိုင်မှီဖွင့်လှစ်နိုင်ရန် လျာထားကြောင်းလည်း ကိုဝင်းကျော်လှိုင်က ဆက်ပြောသည်။

အမှတ်(၁)ရဲစခန်းဘေးပတ်လည်မှ ဆိုင်ခန်းဖယ်ရှားခံခဲ့ရသည့် အမည်မဖော်လိုသူတစ်ဦးက “အရင်ဆိုင်ခန်းနေရာ ဖယ်ပေးရမယ်ဆိုကတည်းက မိဇံဈေးဆောက်ရင် ဆိုင်ခန်းအစားထိုးပေးမယ်ဆိုပြီး အရင်တည်းက သဘောတူထားတာတော့ရှိပါတယ်။ အခုတကယ် အစားထိုးပြန်ပေးမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ဆိုင်ခန်းအတွက်ဈေးနှုန်းကိုတော့ ဈေးသက်သက်သာသာလေးဖြစ်စေချင်ပါတယ်။ အခုကြားထားတာတော့ ဆိုင်ခန်းတစ်ခန်းကို ၇၅ သိန်းပေးရမယ်လို့တော့ ကြားထားတယ်။ အတိအကျတော့မသိပါဘူး”ဟု ပြောသည်။

မိဇံအဆင့်မြင့်နှစ်ထပ်ဈေးသစ်ကို အလျား ၃၃၀ ပေ၊ အနံ ၄၅ ပေရှိသည့် မြေနေရာအကျယ်အဝန်းတွင် ဆောက်လုပ်နေခြင်းဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၅၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ