စာသင်ကျောင်းများပြန်ဖွင့်ရန် ညွှန်ကြားထားခြင်းမရှိသေးကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူပြော

အခြေခံပညာကျောင်းများကို အောက်တိုဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းမှာမဟုတ်မှန်ဘဲ ညွန်ကြားချက်တစ်စုံတစ်ရာမရှိသေးကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာထွန်းထွန်းသိန်းက DMG သို့ပြောသည်။

18 Sep 2021

DMG ၊ စက်တင်ဘာ ၁၈

အခြေခံပညာကျောင်းများကို အောက်တိုဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းမှာမဟုတ်မှန်ဘဲ ညွန်ကြားချက်တစ်စုံတစ်ရာမရှိသေးကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာထွန်းထွန်းသိန်းက DMG သို့ပြောသည်။

“လက်ရှိ အော်ဒါအနေနဲ့ ယာယီပိတ်ထားတဲ့အထိပဲရှိပါသေးတယ်။ ကျောင်းဖွင့်ဖို့ ညွှန်ကြားချက်တွေ ရောက်ရှိတာ မရှိသေးပါဘူး။ ကျောင်းတွေအကုန်လုံးက တာဝန်ရှိသူတွေကိုလည်း ကျနော်တို့ alarm ပေးထားတာရှိတယ်။ ဒါပေမဲ့ ဘယ်နေ့ ဘယ်ချိန်ဖွင့်မယ်ဆိုတာကို ကျနော်တို့ကို အထက်ကညွှန်ကြားလာတာမရှိသေးပါဘူး” ဟု ၎င်းကပြောသည်။

ကျောင်းများပြန်လည်ဖွင့်လှစ်မည့်ကိစ္စကို အခြေခံပညာဦးစီးဌာနမှ ယနေ့ထိတစ်စုံတစ်ရာညွှန်ကြားလာခြင်း မရှိသေးကြောင်းနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်ပါကအဆင့်သင့်ဖြစ်စေရန် လိုအပ်သည့် ကျောင်းသန့်ရှင်းရေး လုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက်ထားရန်သာ ညွှန်ကြားထားကြောင်း ဒေါက်တာထွန်းထွန်းသိန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ အထက်တန်းကျောင်းသူ မညိုညိုဆန်းက ကျောင်းပိတ်ထားသည့်ကာလ ကြာမြင့်လာသည့်အတွက် ကျောင်းသားများအတွက် နစ်နာမှုရှိနေကြောင်း ပြောသည်။

“ကျမတို့ဆို ကျောင်းမတက်ရတာ ၂ နှစ်ဖြစ်တော့မှာလေ၊ စာကပြန်ပြီး အစအဆုံးပြန်လေ့လာရမယ်။ တစ်ဖက်မှာလည်း အသက်တွေကြီးလာတယ်လေ။ အခုဆို ဘယ်နေ့ကျောင်းဖွင့်မှာလည်းဆိုတာ တိတိကျကျမသိရတော့ ပိုဆိုးတာပေါ့” ဟု ကျောင်းသူမညိုညိုဆန်းက ပြောသည်။

၂၀၂၀ ခုနှစ်က ကိုဗစ်ရောဂါ ဒုတိယလှိုင်းဖြစ်ပွားမှုကြောင့် ကျောင်းများကိုယာယီပိတ်ထားခဲ့ရပြီး ယခု ၂၀၂၁ ခုနှစ်တွင်လည်း ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုကြောင့် ကျောင်းများကို ယာယီပိတ်ထားရခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်းတွင် ၂၀၁၉ ခုနှစ်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့မှုကြောင့်လည်း ကျောင်းမတက်ရောက်နိုင်ခဲ့သည့် ကျောင်းသားများရှိခဲ့သည်။

ယင်းသို့ကျောင်းများပိတ်ထားသဖြင့် ကျောင်းသားများမှာ စာသင်ခန်းနှင့်ဝေးကွာနေရခြင်းကြောင့် ယခုနှစ်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ကျောင်းတက်ခိုင်းမည်ဟု ကျောင်းသားမိဘအချို့က DMG သို့ ပြောကြားထားသည်။

ကိုဗစ်ကူးစက်ပြန့်ပွားမှုများကြောင့် အခြေခံပညာကျောင်းများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့အထိ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ သြဂုတ်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ