နိရဉ္စရာသတင်းဌာနမှ သတင်းထောက်သုံးဦးကို ရဲတပ်ဖွဲ့ခေါ်ယူသွား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် နိရဉ္စရာသတင်းဌာနကို ယနေ့ မတ်လ ၃၁ ရက်နေ့၊ ညနေ ၅ နာရီကျော်ခန့်က ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး အကြီးတန်းသတင်းထောက်တစ်ဦး အပါအဝင် သတင်းထောက်သုံးဦးကို စစ်ဆေးရန် ခေါ်ယူသွားသည်ဟု ယင်းသတင်းဌာနမှ သိရသည်။

31 Mar 2020

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် နိရဉ္စရာသတင်းဌာနကို ယနေ့ မတ်လ ၃၁ ရက်နေ့၊ ညနေ ၅ နာရီကျော်ခန့်က ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး အကြီးတန်းသတင်းထောက်တစ်ဦး အပါအဝင် သတင်းထောက်သုံးဦးကို စစ်ဆေးရန် ခေါ်ယူသွားသည်ဟု ယင်းသတင်းဌာနမှ သိရသည်။

အကြီးတန်းသတင်းထောက် သိန်းဇော်၊ သတင်းထောက် အောင်လင်းထွန်းနှင့် ထွန်းခိုင်(တောင်ရင်းကျွန်း)တို့ကို ခေါ်ယူသွားခြင်းဖြစ်ပြီး ကွန်ပျူတာနှစ်လုံးကိုလည်း ယူဆောင်သွားသည်ဟု နိရဉ္စရာသတင်းထောက် နီမင်းထွန်းက ပြောသည်။

“ဝင်လို့စစ်တယ်။ အရပ်ဝတ်နဲ့ လူတစ်ဆယ်လောက်ပါတယ်။ အဲဒီအထဲမှာ အုပ်ချုပ်ရေးမှူးပါတယ်။ CID ပါတယ်။ SB ပါတယ်။ ပြီးတော့ ရဲတွေပါတယ်။ သူတို့ဟာ ရုံးကို နာရီဝက်လောက် ဝင်စစ်တယ်။ ပြီးတော့ ပစ္စည်းတွေစစ်တယ်။ ဦးခိုင်မြတ်ကျော်(အယ်ဒီတာချုပ်)တို့ကိုမေးတယ်။ အယ်ဒီတာတွေကိုမေးတယ်။ ပစ္စည်းတွေကိုစစ်တယ်” ဟု ၎င်းကဆိုသည်။

၎င်းတို့ကို မည်သည့်အတွက်ကြောင့် ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားသည်ကို မသိရှိရသေးသော်လည်း နိရဉ္စရာသတင်းဌာနမှ အယ်ဒီတာချုပ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ဟု DVB သတင်းဌာနက ရေးသားပြီးနောက် ခေါ်ဆောင်သွားခြင်းဟု နီမင်းထွန်းက ဆိုသည်။

ယင်းသတင်းဌာနအယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို ရက္ခိုင့်တပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ နှင့် ဆက်သွယ်မေးမြန်းထားသည့် အင်တာဗျူးများကို ထုတ်လွှင့်ထားသည့်အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊၅၂ (က)တို့ဖြင့် အမှုဖွင့်ထားသည်ဟု DVB သတင်းဌာနတွင် ရေးသားထားသည်။

အသေးစိတ်သိရှိနိုင်ရန်အတွက် စစ်တွေအမှတ်(၁)ရဲစခန်းကို DMG ကဆက်သွယ်ခဲ့ရာ ဖုန်းကိုင်သော်လည်း တစ်စုံတစ်ရာပြောဆိုခြင်းမရှိသဖြင့် အသေးစိတ်မသိရှိနိုင်ခဲ့ပေ။

လက်ရှိတွင် အဆိုပါသတင်းထောက်များကို မည်သည့်နေရာသို့ စစ်ဆေးရန်ခေါ်ယူသွားသည်ကို မသိရှိဟု နီမင်းထွန်းက ပြောသည်။

ဆက်စပ်ဖတ်ရှုရန် - 

ဗီဒီယိုများ