မှတ်ပုံတင်မရှိသော ရခိုင်ဒေသခံများ မဲပေးခွင့်မဆုံးရှုံးစေရေး ကျေးရွာများထိ ကွင်းဆင်းပေးနေဟု ဆို

မဲစာရင်းတွင်ပါဝင်သော်လည်း မှတ်ပုံတင်မရှိသဖြင့် မဲပေးခွင့်ဆုံးရှုံးနိုင်ခြေ ရှိသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)များကို ကျေးရွာများအထိ ကွင်းဆင်းလုပ်ဆောင်ပေးနေကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

By မင်းထွန်း 25 Aug 2020

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာမျာကို စိစစ်နေကြစဉ် (ဓာတ်ပုံ - Sub Election Commission-Rakhine State)

မင်းထွန်း | DMG
သြဂုတ် ၂၅ ၊ စစ်တွေ

မဲစာရင်းတွင်ပါဝင်သော်လည်း မှတ်ပုံတင်မရှိသဖြင့် မဲပေးခွင့်ဆုံးရှုံးနိုင်ခြေ ရှိသူများအတွက် နိုင်ငံသားစိစစ်ရေးကတ်(မှတ်ပုံတင်)များကို ကျေးရွာများအထိ ကွင်းဆင်းလုပ်ဆောင်ပေးနေကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန (လဝက) က ဦးဆောင်၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က္ကဋ္ဌ ဒေါ်တင်လှိုင်က ပြောသည်။

“မဲစာရင်းမှာပါပြီး မှတ်ပုံတင်မရှိဘူးဆိုလို့ ကွင်းဆင်းလုပ်ဆောင်ပေးနေပါတယ်။ ဒါပေမဲ့ ကော်မရှင်အနေနဲ့တော့ တိုက်ရိုက်လုပ်လို့မရဘူး။ လဝကတို့၊ ထွေအုပ်တို့ အဖွဲ့တွေက ပံ့ပိုးကူညီရတာပေါ့။ အဓိက လဝကကွင်းဆင်းပြီး မှတ်ပုံတင်ရရှိရေးတို့၊ မဲစာရင်းမှာ မှတ်ပုံတင်တွေ နံပါတ်မှားနေတာတွေကိုရော တစ်ခါတည်း လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ထို့သို့ ကွင်းဆောင်ရွက်မှုကို ရခိုင်ပြည်နယ်အတွင်း နယ်မြေလုံခြုံမှုရှိသည့်ဒေသများတွင် ဦးစားပေးအဆင့်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ နယ်မြေလုံခြုံမှုမရှိသည့် ဒေသများတွင် လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း ဒေါ်တင်လှိုင်ကပြောသည်။

ရခိုင်ပြည်နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ် (မှတ်ပုံတင်) မရှိသူ၊ ပျောက်ဆုံးနေသူ အရေအတွက်သည် ကနဦးစာရင်းအရ လေးသိန်းကျော်ရှိပြီး ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ မဲပေးခွင့်ရှိသူဦးရေ တစ်ဆယ့်ခြောက်သိန်းလေးသောင်းကျော် ရှိကြောင်း သိရသည်။

ဗီဒီယိုများ