ရခိုင်က လူမှုကူညီရေးအသင်းများတွင် PPE ဝတ်စုံများလိုအပ်နေ

ရခိုင်ပြည်နယ်အတွင်းက ကိုဗစ်လူနာများနှင့် ကိုဗစ်ကြောင့်သေဆုံးသူများကို ကူညီပေးနေသည့် လူမှုကူညီရေးအသင်းများတွင် PPE ဝတ်စုံများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။

10 Aug 2021

DMG ၊ သြဂုတ် ၁၀

ရခိုင်ပြည်နယ်အတွင်းက ကိုဗစ်လူနာများနှင့် ကိုဗစ်ကြောင့်သေဆုံးသူများကို ကူညီပေးနေသည့် လူမှုကူညီရေးအသင်းများတွင် PPE ဝတ်စုံများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ဖြူစင်မေတ္တာပရဟိတအသင်းတွင် လက်ရှိမှာ PPE ဝတ်စုံ ၂၀ ခန့်သာကျန်ရှိတော့ပြီး PPE ဝတ်စုံများ လိုအပ်မှုရှိနေကြောင်း အဆိုပါအသင်းမှသိရသည်။

“ကျနော်တို့အသင်းမှာကတော့ PPE ဝတ်စုံတွေက ကုန်သလောက်ဖြစ်နေပါပြီ။ အခက်အခဲတွေကတော့ အဲဒီ PPE တွေကလိုအပ်ချက်ရှိနေပါတယ်။ အရေးပေါ်လိုအပ်လို့ရှိရင် ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံက နည်းနည်းစီထုတ်ပေးပါတယ်။ လက်ရှိမှာတော့ ဆရာတော်တစ်ပါးလှူဒါန်းထားတဲ့ ဝတ်စုံနဲ့ ဆေးရုံကနည်းနည်းပေးထားတဲ့ဝတ်စုံတွေနဲ့ပဲ အသုံးပြုနေရပါတယ်” ဟု ဖြူစင်မေတ္တာပရဟိတအသင်း ဥက္ကဋ္ဌ ဦးညီပုက DMG ကို ပြောသည်။

ကျောက်တော်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာများ တစ်နေ့ထက်တစ်နေ့များပြားလာသည့်အတွက် တစ်နေ့လျှင် PPE ဝတ်စုံ ၂၀ ခန့် အသုံးပြုရပြီး ရေရှည်တွင် PPE ဝတ်စုံများ ပို၍လိုအပ်လာမည်ဟု ၎င်းကဆိုသည်။

ယင်းအပြင် မြို့ပေါ်နှင့် ကျေးရွာများတွင်လည်း ကိုဗစ်ကာကွယ်ရေးအတွက် ဆေးများဖြန်းရန်အတွက်လည်း ဆေးဗူးများလိုအပ်လျှက်ရှိနေကြောင်း ဖြူစင်မေတ္တာပရဟိတအသင်းမှ သိရသည်။

“ဖြန်းဆေးတွေကတော့ မရှိသလောက်ဖြစ်နေပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ဖြန်းဆေးတွေက ဝယ်ယူနေရတယ်ဆိုတော့ အဖွဲ့အစည်းမှာလည်း ပိုက်ဆံကသိပ်မလုံလောက်ဘူး။ အဲဒါကြောင့်ဖြန်းဆေးတွေကလည်း အခက်အခဲတွေရှိနေတယ်”ဟု ဦးညီပုက ပြောသည်။

အလားတူ မြောက်ဦးမြို့နယ်မှ ရတနာပါလ နာရေးကူညီမှုအသင်းတွင်လည်း PPE ဝတ်စုံများအပြင် အခြားဆက်စပ်ပစ္စည်းများလည်းလိုအပ်မှုရှိနေပြီး ကိုဗစ်ဖြင့်သေဆုံးသူများကိုသဂြိုဟ်ရာ၌ အလောင်းတစ်လောင်းလျှင် PPE ဝတ်စုံ အနည်းဆုံး ၅ စုံခန့်အသုံးပြုနေရကြောင်း သိရသည်။

“ကျနော်တို့နာရေးကူညီမှုအသင်းမှာတော့ PPE ဝတ်စုံတစ်ခုတည်းလိုအပ်နေတာမျိုးမဟုတ်ဘူး။ မျက်နှာကိုကာကွယ်တဲ့အရာတွေ၊ ဖိနပ်တွေ၊ အလောင်းထည့်တဲ့အိတ် အကုန်လုံးအသုံးပြုနေတယ်။ ဆိုတော့အခုကဖိနပ်တွေပြတ်လပ်နေတယ်။ နောက်အလောင်းထည့်တဲ့အိတ်တွေ၊ မျက်နှာကာတွေက ပြတ်လပ်နေတယ်”ဟု ရတနာပါလ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်က DMG ကိုပြောသည်။

စစ်တွေမြို့ရှိ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတွင်လည်း PPE ဝတ်စုံများ ပြတ်လပ်တော့မည်ဖြစ်၍ ရန်ကုန်မှ အစုံ ၁၀၀ မှာယူထားရသည်ဟု ယင်းဖောင်ဒေးရှင်း တာဝန်ရှိသူထံမှ သိရသည်။

“လူနာတွေကခေါ်ရင် ခေါ်သလို PPE ဝတ်စုံတွေက အသုံးပြုရတယ်။ အရင်တုန်းဆိုရင် တစ်နေ့အစုံ ၂၀ ကျော်ကုန်တယ်။ အခုနောက်ပိုင်းကျတော့ ၈ စုံနဲ့ ၁၀ စုံကြားကုန်ပါတယ်” ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမင်းထည်ဝါက DMG ကို ပြောသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၉ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၃၃၀၀ ဦးရှိပြီး သေဆုံးသူ ၃၀၀ ဦးအထိရှိလာကာ ဆေးကုသမှုခံယူနေရသူ ၅၃၇ ဦးရှိကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရသိရသည်။

ဗီဒီယိုများ