NLD ပါတီနှင့် ပူးပေါင်းပါဝင်မည်ဟု တိုင်းရင်းသားပါတီ (၁၄) ခုက အကြောင်းပြန်ထား

တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ရည်မှန်းချက် များနှင့် တူညီကြခြင်းကြောင့် နောင်အနာဂါတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် တိုင်းရင်းသားပါတီ(၄၈)ခုအား ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားသည့် အထဲတွင် ပါတီ(၁၄)ခုက ပူးပေါင်းပါဝင်မည်ဟု အကြောင်းပြန်စာကို လက်ခံရရှိကြောင်း NLD ပါတီမှ သိရသည်။

By မင်းထွန်း 10 Dec 2020

မင်းထွန်း | DMG
ဒီဇင်ဘာ ၁၀ ၊ စစ်တွေ

တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ရည်မှန်းချက် များနှင့် တူညီကြခြင်းကြောင့် နောင်အနာဂါတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် တိုင်းရင်းသားပါတီ(၄၈)ခုအား ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ထားသည့် အထဲတွင် ပါတီ(၁၄)ခုက ပူးပေါင်းပါဝင်မည်ဟု အကြောင်းပြန်စာကို လက်ခံရရှိကြောင်း NLD ပါတီမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ တိုင်းရင်းသားပါတီ(၁၄)ခုမှ အကြောင်းပြန်စာသည် NLD ပါတီ၏ သဘောထားနှင့် တူညီလုနီးပါးရှိ၍ ကောင်းမွန်သော အကြောင်းပြန်စာများဖြစ်ကြောင်း ဒီချုပ်ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က DMG သို့ ပြောသည်။

“ပါတီတစ်ခုချင်းစီကိုတော့ မမှတ်မိဘူး။ သူတို့ အကြောင်းပြန်တာက ပူးပေါင်းပါဝင်မယ်ဆိုတဲ့အကြောင်း၊ နောက် သူတို့လိုလားချက်တွေ၊ ရည်ရွယ်ချက်တွေပါတယ်။ ဒါတွေက နောက် ဆက်လက်ဆွေးနွေးတဲ့အခါ အခြေခံရမယ့်အကြောင်းတွေ” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်၌ အင်အားကြီးပါတီတစ်ခုဖြစ်သော ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် NLD ပါတီမှ ပေးပို့သည့် အိတ်ဖွင့်ပေးစာ လက်ခံရရှိ၍ ယင်းအိတ်ဖွင့်ပေးစာကိုကြိုဆိုသည့် အကြောင်းပြန်စာကို ပေးပို့လိုက်ပြီ ဖြစ်ကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့ထံမှ သိရသည်။

သို့ဖြစ်၍ မည်သည့်အကြောင်းအရာတို့ကိုရေးသားကာ အကြောင်းပြန်ကြောင်းသိရှိရန် ANP ပါတီဥက္ကဋ္ဌအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

NLD ပါတီထံ အကြောင်းပြန်စာ မပို့မီအချိန်က (ANP)ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က “အဲဒီစာကို လက်ခံ ရရှိပြီး ကြိုဆိုတဲ့အကြောင်း၊ စာမှာကမ်းလှမ်းမျှော်လင့်တဲ့အတိုင်း ဆက်လက်ဆောင်ရွက် နိုင်ပါစေကြောင်း တွေကို တင်ပြသွားဖို့ဆုံးဖြတ်ထားတယ်” ဟု DMG သို့ ပြောဆိုထားသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ မဲအများဆုံးဖြင့် အပြတ်အသတ် အနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ “နောင်အနာဂါတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ခေါင်းစဉ်ဖြင့် တိုင်းရင်းသားပါတီ (၄၈)ပါတီသို့ နိုဝင်ဘာ ၁၂ ရက်နေ့က အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။

အဆိုပါ အိတ်ဖွင့်စာ၌ တိုင်းရင်းသားပါတီများအနေဖြင့် NLD ပါတီအဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်းကိုလည်း ရေးသားထားသည်။

သို့သော်လည်း ရခိုင့်ဦးဆောင်ပါတီ(AFP)အနေဖြင့်ဒီချုပ်ပါတီသို့ အကြောင်းပြန်စာ ပြန်လည်မပေးပို့ရန် ဆုံးဖြတ်ထားကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးကဆိုသည်။

“မပို့ဖြစ်ပါဘူးခင်ဗျာ။ ကျနော်တို့ဘက်ကတော့ NLD ပြောတဲ့ဥစ္စာကို ယုံဖို့ခက်သေးတယ်” ဟု ၎င်းက ရှင်းပြသည်။

ရွေးကောက်ပွဲ၌ ပြည်နယ်များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော တိုင်းရင်းသားပါတီအချို့မှာ ကျေနပ်ဖွယ်ရသော ရွေးကောက်ပွဲရလဒ်များကို ရရှိခဲ့ကြသော်လည်း အချို့သောပါတီများမှာမူ မိမိတို့ရည်မှန်းထားသည့်အတိုင်း မဖြစ်လာခဲ့သည်ကိုလည်း သိရှိရ၍ မည်သည့်အခြေအနေသို့ ရောက်သည်ဖြစ်စေ NLD ပါတီအနေဖြင့် နောင်အနာဂါတ်မှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်း သွားမည်ဖြစ်ကြောင်းကိုလည်း ဒီချုပ်ပါတီ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ဒီချုပ်ပါတီမှ အိတ်ဖွင့်စာပေးပို့ခဲ့သည့် တိုင်းရင်းသားပါတီ (၄၈) ခုထဲတွင် ရခိုင်ပြည်နယ်အတွင်းမှ ရခိုင် အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ခူမီး (ခမီး) အမျိုးသားပါတီ၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီတို့ ပါဝင်သည်။

ဗီဒီယိုများ