NLD ၏ ပေးပို့စာ တိုင်းရင်းသားပါတီတချို့ထံ မရောက်ရှိသေးခြင်းက ကိုဗစ်ကြောင့်ဖြစ်

တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ပေးပို့သည့်စာ တိုင်းရင်းသားပါတီတချို့ထံ မရောက်ရှိသေးခြင်းက  ကိုဗစ်ကြောင့် လမ်းတွင်ကြန့်ကြာ နေခြင်းဖြစ်ကြောင်း ၎င်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

By မင်းထွန်း 25 Nov 2020

မင်းထွန်း | DMG
နိုဝင်ဘာ ၂၅ ၊ စစ်တွေ

တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ပေးပို့သည့်စာ တိုင်းရင်းသားပါတီတချို့ထံ မရောက်ရှိသေးခြင်းက  ကိုဗစ်ကြောင့် လမ်းတွင်ကြန့်ကြာ နေခြင်းဖြစ်ကြောင်း ၎င်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“ဒါက အိတ်ဖွင့်ပေးစာလည်းဖြစ်တယ်၊ အွန်လိုင်းကတစ်ဆင့် ကြေညာလိုက်တယ်၊ ပြီးတော့ စာတိုက်က တစ်ဆင့်လည်း စာအမှတ်တပ်ပြီးပို့တယ်။ ဒါပေမယ့်အခု ကိုဗစ်ကာလအတွင်းမှာ ဒီစာပို့စနစ်က အများကြီး နှောင့်နှေးသွားတယ်။ မြို့နယ်၊ ခရိုင်ပြီးမှ တိုင်းနဲ့ပြည်နယ်စာတိုက်ကြီး အဲလိုတစ်ဆင့်ဆင့်သွားနေရတဲ့အခါ အဲလိုကြာတာတွေရှိတယ်” ဟု ၎င်းကပြောသည်။

NLD က “နောင်အနာဂါတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ခေါင်းစဉ်ဖြင့် တိုင်းရင်းသားပါတီ ၄၈ ခုသို့ အိတ်ဖွင့်စာကို နိုဝင်ဘာ ၁၂ ရက်တွင် ပေးပို့ခဲ့ခြင်းဖြစ်သည်။

ယင်းနေ့တွင် တိုင်းရင်းသားပါတီအသီးသီးထံ အိတ်ဖွင့်စာကို တပြိုင်တည်း စာတိုက်မှတစ်ဆင့် ပေးပို့ခဲ့ သော်လည်း လက်ရှိအချိန်ထိ (နိုဝင်ဘာ ၂၅ ရက်)ကြာသည့်တိုင် တိုင်းရင်းသားပါတီတချို့ လက်ခံမရရှိ သေးပေ။

ယင်းအထဲတွင် ရခိုင်ပြည်နယ်အခြေစိုက်ပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) စသည့် ပါတီများထံသို့ အိတ်ဖွင့်ပေးစာ မရောက်ရှိသေးကြောင်း သက်ဆိုင်ရာ ပါတီတာဝန်ရှိသူများက ပြောသည်။

ထို့သို့ တရားဝင် စာမရောက်ရှိသေးသည့်အတွက် လက်ရှိအချိန်တွင် သဘောထားမှတ်ချက်ပေး၍ မရသေးကြောင်း ယင်းပါတီများမှ တာဝန်ရှိသူများက ဆိုသည်။

NLD ပါတီက အိတ်ဖွင့်ပေးစာပေးပို့ရာတွင် ပြည်နယ်များတွင် တိုင်းရင်းသားပါတီအချို့သည် ကျေနပ် ဖွယ်ရာသော ရွေးကောက်ပွဲရလဒ်များကို ရရှိခဲ့ကြသော်လည်း အချို့သောပါတီများသည် မိမိတို့ ရည်မှန်းထားသည့်အတိုင်း မဖြစ်လာခဲ့သည်ကိုလည်း သိရှိရကြောင်း ယင်းအိတ်ဖွင့်ပေးစာတွင် ဖော်ပြ ထားသည်။

ထို့ကြောင့် မည်သည့်အခြေအနေသို့ ရောက်သည်ဖြစ်စေ NLD ပါတီသည် နောင်အနာဂါတ်တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်းကိုလည်း ရေးသားထားသည်။

“တိုင်းရင်းသားပါတီတွေကို ဖိတ်ခေါ်တဲ့ပုံစံမျိုးနဲ့ လုပ်တာက ဒီမိုကရေစီကူးပြောင်းတဲ့ ကာလတစ်ခုမှာ ကောင်း ပါတယ်။ အရင်ကတော့ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးဖို့ဆိုပြီး ပြောခဲ့စကားလောက်ပဲ တွေ့ဖူးတယ်။ လက်တွေ့လုပ်ခဲ့တာ မတွေ့ခဲ့ဘူး။ NLD အစိုးရ တက်လာပြီးနောက်ပိုင်းမှာပေါ့။ အခုချိန်မှာ အမှန်တကယ် လုပ်မယ်ဆိုရင်တော့ ကောင်းတယ်လို့မြင်တယ်” ဟု AFP ပါတီနာယက ဦးကျော်လွင်က ပြောသည်။

ယင်းအပြင် တိုင်းရင်းသားပါတီများအနေဖြင့် NLD ပါတီအဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်းကိုလည်း NLD ၏ အိတ်ဖွင့်စာတွင် ရေးသားထားသည်။

(NLD)ပါတီမှ အိတ်ဖွင့်စာပေးပို့ခဲ့သည့် တိုင်းရင်းသားပါတီ (၄၈) ခုထဲတွင် ရခိုင်ပြည်နယ်အတွင်းမှ ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ ကမန် အမျိုးသားတိုးတက်ရေးပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ခူမီး (ခမီး) အမျိုးသားပါတီ၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီတို့ ပါဝင်သည်။

ဗီဒီယိုများ