အမ်းမြို့နယ်တွင် မဲလာရောက်ပေးသူများ နည်းပါးနေ၊ မဲဆန္ဒရှင်များ မဲပေးခွင့်ဆုံးရှုံးမည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိုးရိမ်နေ

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် မဲလာရောက်ပေးသည့် မဲဆန္ဒရှင်ပြည်သူများ ယနေ့ နေ့လည်  ၃နာရီခွဲအချိန် အထိ နည်းပါးနေဆဲဖြစ်သည့်အတွက် အဆိုပါပြည်သူများ မဲပေးခွင့်ဆုံးရှုံးမည်ကို အမ်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိုးရိမ်နေကြသည်။

By မင်းထွန်း 08 Nov 2020

မင်းထွန်း | DMG
နိုဝင်ဘာ ၈ ၊ စစ်တွေ

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် မဲလာရောက်ပေးသည့် မဲဆန္ဒရှင်ပြည်သူများ ယနေ့ နေ့လည်  ၃နာရီခွဲအချိန် အထိ နည်းပါးနေဆဲဖြစ်သည့်အတွက် အဆိုပါပြည်သူများ မဲပေးခွင့်ဆုံးရှုံးမည်ကို အမ်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိုးရိမ်နေကြသည်။

အမ်းမြို့နယ်မှ အမှတ်(၃) ရက်ကွက်တွင် မဲပေးခွင့်ရှိသူ ၂၀၀၀ ကျော်ရှိသော်လည်း ညနေ ၃ နာရီခွဲအချိန်ထိ မဲပေးသူ ၆၀၀ ကျော်သာရှိသေးကြောင်း အမ်းမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ရခိုင်အမျိုးသားပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သူ ဦးထွန်းထွန်းနိုင်ထံမှ သိရသည်။

အဆိုပါမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) တွင် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သူ ဦးစိုးသိန်းက “ကိုဗစ်နဲ့ပတ်သက်လို့ စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်ထားလို့ဖြစ်တယ်။ ကျနော်တို့ စိုးရိမ်တာတစ်ခုက တကယ်လို့ ၄ နာရီထိုးတဲ့အချိန်မှာ မဲရုံထဲကို ဝင်နေမယ်ဆိုရင်တောင် လူတွေက အစုံလိုက်အပြုံလိုက် ဝင်ရမယ့်အခြေအနေ ဖြစ်နေတယ်။အဲဒါကို ကျန်းမာရေးဌာနက ဘယ်လိုစီစဉ်မှာလဲ ဆိုတာ မပြောတတ်သေးဘူး” ဟု ပြောသည်။

လက်ရှိ (၃နာရီခွဲအချိန်)၌ မဲရုံတာဝန်ရှိသူများက  မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးစေရန် မဲရုံခြံဝန်းထဲသို့ ဝင်ရောက်ကြရန် လက်ကိုင်လော်စပီကာဖြင့် အသိပေးနေကြောင်း ၎င်းက ဆက်၍ဆိုသည်။

အလားတူ  အမှတ်(၄) စာသင်ကျောင်းမဲရုံတွင် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၁၂၀၀ ကျော်ရှိသော်လည်း နေ့လည် ၂ နာရီ ခန့်အချိန်ထိ မဲလာရောက်ပေးသူ ၄၀၀ ကျော်ခန့်သာ တွေ့ရကြောင်း ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ဦးဆောင်ကော်မတီဝင် ဦးခိုင်ကောင်းစံက ဆိုသည်။

“ကျနော်တို့သွားကြည့်တဲ့ မဲရုံတိုင်းလိုလို မဲပေးတာ နည်းနေတာကိုတွေ့ရတယ်။ မဲရုံက လေးရုံလောက် သွားကြည့်ဖြစ်သေးတယ်” ဟု ၎င်းက ဆက်၍ဆိုသည်။

မဲပေးခွင့်ရှိသူ ၁၀၀၀ ကျော်ရှိသည့် စမ်းကြီးမဲရုံ၌ နေ့လည် ၂ နာရီအချိန်ထိ မဲမပေးရဘဲကျန်ရှိနေသူ ၄၀၀ ခန့်ရှိနေသေးကြောင်း ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ထံမှသိရသည်။

အမ်းမြို့နယ်၌ ရွေးကောက်ပွဲကျင်းပနိုင်သည့် ရပ်ကွက် ၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ အုပ်စုတို့တွင် မဲရုံ စုစုပေါင်း ၂၆ ရုံနှင့် မဲဆန္ဒရှင်ဦးရေ ( ၂၂၉၄၅) ဦးရှိသည်။

ယင်းမြို့နယ်၌  ရခိုင်အမျိုးသားပါတီ ANP၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီALD၊ ရခိုင့်ဦးဆောင်ပါတီ AFP၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP၊နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတချို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ဗီဒီယိုများ