ရခိုင်ရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပသင့်ကြောင်း သဘောထားမှတ်ချက်ပေးခြင်းများနှင့်ပတ်သက်၍ သမ္မတရုံးထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်တချို့တွင် လုံခြုံရေးအားနည်းသည့်အတွက် ရွေးကောက်ပွဲကျင်းပရန် မသင့် ကြောင်း သက်ဆိုင်ရာဌာနအသီးသီးမှ သဘောထားပေးခဲ့သည့် နေရာများကို အောက်တိုဘာလ ၂၃ ရက်  နေ့ က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်လိုက်သည်။

By မင်းထွန်း 24 Oct 2020

မင်းထွန်း | DMG
အောက်တိုဘာ ၂၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်တချို့တွင် လုံခြုံရေးအားနည်းသည့်အတွက် ရွေးကောက်ပွဲကျင်းပရန် မသင့် ကြောင်း သက်ဆိုင်ရာဌာနအသီးသီးမှ သဘောထားပေးခဲ့သည့် နေရာများကို အောက်တိုဘာလ ၂၃ ရက်  နေ့ က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပသင့်ကြောင်း သဘောထားမှတ်ချက်ပေးရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာမှ မြို့နယ် ၅ခု၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ၈ မြို့နယ်၊ကာကွယ်ရေးနှင့်ပြည်ထဲရေးဝန်ကြီးဌာနမှ  မြို့နယ် ၉ ခု တို့ဖြစ်ကြောင်း နိုင်ငံတော်သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုသည်။
 
“ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနက ၅ မြို့နယ် သဘောထားပေးတယ်၊ ရွေး/ကော်က ၈ မြို့နယ်ပေးတယ်၊လုံခြုံရေးပေါ့ ကာကွယ်ရေးနဲ့ပြည်ထဲရေးက ၉ မြို့နယ်ပေးတယ်။အဲတော့ UEC က ၉ မြို့နယ်စလုံး ကျင်းပနိုင်မှာမဟုတ်ဘူးလို့ ထုတ်ထားတာဖြစ်တယ်” ဟု ၎င်းက ရှင်းပြသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာနက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်တို့တွင် ရွေကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်းနှင့် စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ၊အမ်း၊ပေါက်တော၊မောင်တော၊ဘူးသီးတောင်၊မြေပုံမြို့နယ် အတွင်းရှိ ရပ်ကွက် (၃၁) ခုနှင့် ကျေးရွာအုပ်စု (၄၂၂) ခုတို့တွင် ကျင်းပနိုင်ခြင်းမရှိကြောင်း သဘောထားပေးထားသည်။

အလားတူ ပြည်ထဲရေးနှင့်ကာကွယ်ရေးဝန်ကြီးဌာနမှ ရွေးကောက်ပွဲ မပြုလုပ်သင့်ကြောင်း သဘောထားပေးသည့်မြို့နယ် (၉) ခုမှာ  ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊မောင်တော၊ကျောက်တော်၊မင်းပြား၊မြေပုံနှင့် မြောက်ဦးမြို့နယ် တို့ဖြစ်ပြီး စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ၊အမ်းမြို့နယ် (၄) ခုအတွင်းရှိ ရပ်ကွက်(၉)ခုနှင့် ကျေးရွာအုပ်စု (၁၉၃) ခုတို့လည်းပါဝင်လျက်ရှိသည်။

ထို့အပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ သဘောထားပေးသည့်မြို့နယ် ၈ ခုမှာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ဖြစ်သည်။
 
အဆိုပါ ဌာနဆိုင်ရာအသီးသီးမှ သဘောထားမှတ်ချက်များရယူပြီး ယင်းသဘောထားအပေါ်တွင် လေ့လာ စိစစ်သုံးသပ်၍ ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များကို ဆုံးဖြတ်ကြေငြာခြင်းဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကပြောဆိုထားသည်။
 
လက်ရှိတွင် ရခိုင်ပြည်နယ်၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်း UEC မှ ထုတ်ပြန်ထားသည့် နေရာများမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ဖြစ်ကြသည်။
 
ယင်းအပြင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအလိုက်ရွေးကောက်ပွဲမကျင်းပနိုင်သည့်မဲဆန္ဒနယ်မြေများမှာ ကျောက်ဖြူမြို့နယ်မှ ရပ်ကွက် (၂)၊ကျေးရွာအုပ်စု (၅၂) အုပ်စု၊အမ်းမြို့နယ်မှ ရပ်ကွက် (၃) ကျေးရွာအုပ်စု(၂၉) အုပ်စု၊ စစ်တွေ မြို့နယ်မှ ကျေးရွာအုပ်စု (၄) အုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက်(၁၀) ရပ်ကွက် ကျေးရွာ အုပ်စု (၅၂) အုပ်စုတို့တွင် ကျင်းပနိုင်မည်မဟုတ်ကြောင်း UEC မှ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ