မာန်အောင်မြို့နယ်မှ လူနာအမှတ်(၆၄၁)မှာ တရုတ်နိုင်ငံမှ ပြန်လာသူဖြစ်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှ COVID-19 ပိုးတွေ့လူနာအမှတ်(၆၄၁)မှာ တရုတ်နိုင်ငံမှပြန်လာပြီး မာန်အောင်မြို့နယ်တွင် အသွားအလာ ကန့်သတ်ထားရှိသူဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

By အောင်ကောင်းဇော် 29 Aug 2020

အောင်ကောင်းဇော် | DMG
သြဂုတ် ၂၉ ၊ မာန်အောင်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှ COVID-19 ပိုးတွေ့လူနာအမှတ်(၆၄၁)မှာ တရုတ်နိုင်ငံမှပြန်လာပြီး မာန်အောင်မြို့နယ်တွင် အသွားအလာ ကန့်သတ်ထားရှိသူဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သြဂုတ်လ ၂၈ ရက် ည ၈ နာရီအချိန်ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် တစ်ဦး၊ သံတွဲမြို့နယ်တွင် ခြောက်ဦး၊ မာန်အောင်မြို့နယ်တွင် တစ်ဦးနှင့် တောင်ကုတ်မြို့နယ်မှ နှစ်ဦးတို့၌ COVID-19 ပိုး တွေ့ရှိခဲ့သည်။

ယင်းအထဲမှ မာန်အောင်မှပိုးတွေ့လူနာအမှတ်(၆၄၁)မှာ တရုတ်နိုင်ငံ ကျန်ပုံမြို့ရှိ မက်မန်းသီးခြံတွင် အလုပ်လုပ်ကိုင်နေရာမှ မတ်လ ၁၈ ရက်နေ့တွင် ရှမ်းပြည်နယ်၊ နန်းခမ်းမြို့သို့ထွက်ခွာလာကြောင်း၊ ယင်းမြို့တွင် ပြောင်းအိတ်ထမ်းလုပ်ငန်းကို လုပ်ကိုင်ခဲ့ကာ သြဂုတ်လ ၉ ရက်နေ့တွင် ရန်ကုန်သို့ရောက်ရှိလာပြီး အောင်သစ္စာကားဖြင့် တောင်ကုတ်မြို့နယ်သို့ သြဂုတ်လ ၁၁ ရက်နေ့တွင် ရောက်ရှိလာကြောင်း သိရသည်။

ထို့နောက် တောင်ကုတ်မြို့နယ်မှ မာန်အောင်မြို့နယ်သို့ ရွှေပြည်တန်အမြန်ရေယာဉ်ဖြင့် လိုက်ပါလာခဲ့ပြီး မာန်အောင်မြို့နယ် သိမ္ဗလကျေးရွာအုပ်စုတွင် Facility Quaratine ဝင်ရောက်ခဲ့ရာမှ သြဂုတ် ၂၈ ရက်နေ့တွင် COVID-19 ပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပိုးတွေ့လူနာအမှတ်(၆၄၁)နှင့် ထိတွေ့ခဲ့သူ ၁၃ ဦးကို သိမ္ဗလအုပ်စုတွင် Quaratine ထားရှိသည်ဟု သိမ္ဗလအုပ်စုအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြီးက ဆိုသည်။

“ညတွင်းချင်းပဲ အသွားအလာကန့်သတ်ပြီး Q ထားလိုက်တယ်။ အခု လောလောဆယ်တော့ သူတို့ စားသောက်ရေးတွေကို ကျနော်ကပဲ စီစဉ်ပေးထားရတယ်။ ရေရှည်ဆိုရင်တော့ ကျနော်လည်း တတ်နိုင်မှာ မဟုတ်ဘူး။ စားသောက်ရေးက အစိုးရကူညီပေးဖို့လိုတယ်။ အစိုးရကိုတော့ မတင်ပြရသေးဘူး” ဟု ၎င်းက ပြောသည်။

ထို့ပြင် ပိုးတွေ့လူနာနှင့် ရွှေပြည်တန်အမြန်ရေယာဉ်အတူစီးလာသူ ၄၈ ဦးကိုလည်း Home Quaratine ထားရှိ ထားကြောင်း သိရသည်။

လက်ရှိ မာန်အောင်မြို့နယ်တွင် လူနာအမှတ်(၆၄၁)နှင့် ဆက်စပ်သူ ၁၃ ဦးနှင့် မာန်အောင်မြို့နယ် ပြင်ပမှ ပြန်လာသူ ၁၈ ဦးတို့အား အသွားအလာကန့်သတ်ထားရှိကြောင်း မာန်အောင်မြို့ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။

မာန်အောင်မြို့နယ်အတွင်းတွင် မြို့နယ်ပြင်ပမှပြန်လာသူများကို ၂၁ ရက် Quaratine ဝင်ခိုင်းခြင်း၊ အပြင်ထွက်လျှင် Mask တပ်ရန်၊ လူစုလူဝေးမပြုလုပ်ရန်နှင့် စားသောက်ကုန်ဆိုင်များမှအပ အခြားဆိုင်များကို ဖွင့်ခြင်းမပြုလုပ်ရန် သက်ဆိုင်ရာအာဏာပိုင်များမှ အမိန့်ထုတ်ပြန်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရခိုင်တစ်ပြည်နယ်လုံး Home Stay နေထိုင်ရန်လည်း ထုတ်ပြန် ထားသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းအထိ ပိုးတွေ့လူနာစုစုပေါင်း ၂၅၄ ဦးအထိရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ဗီဒီယိုများ