တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိုကြိုဆိုသလို တိုက်ပွဲအတွက်လည်း အသင့်ဖြစ်ကြောင်းပြော

"ကျနော်အတိုချုပ် တစ်လုံးတည်းပဲပြောလိုက်မယ်။ အဲဒီအဖွဲ့တွေ( မြောက်ပိုင်း)နဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမှာလား တပ်မတော်အနေနဲ့ကြိုဆိုတယ်။ တိုက်ပွဲတွေ ဆက်တိုက်ချင်တာလား အသင့်ပဲ" 

23 Aug 2019

မြတ်ဝင်းကျော် | DMG
သြဂုတ် ၂၃၊ ရန်ကုန်

မြန်မာ့တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို ကြိုဆိုသကဲ့သို့ တိုက်ပွဲတိုက်ရန်လည်း အသင့်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။
နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် သြဂုတ်လ ၂၃ ရက်နေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောခဲ့ခြင်းဖြစ်သည်။

"ကျနော်အတိုချုပ် တစ်လုံးတည်းပဲပြောလိုက်မယ်။ အဲဒီအဖွဲ့တွေ( မြောက်ပိုင်း)နဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာမှာလား တပ်မတော်အနေနဲ့ကြိုဆိုတယ်။ တိုက်ပွဲတွေ ဆက်တိုက်ချင်တာလား အသင့်ပဲ" ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ဆိုသည်။

ထို့အပြင် တပ်မတော်မှ တစ်ဖက်သတ် အပစ်ရပ်စဲပေးထားသည့် အချိန်မှာ ယခုသြဂုတ်လကုန်လျှင် သက်တမ်းကုန်တော့မည်ဖြစ်ရာ ထပ်မံ၍ အပစ်ရပ်သက်တမ်း တိုး/မတိုးဆိုသည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့၏ ဆောင်ရွက်ချက်အပေါ်ကြည့်ရှုကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးက ဆိုသည်။

တပ်မတော်အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရန်အတွက် အပစ်ရပ်စဲပေးထားသည့်အချိန်၌ မြောက်ပိုင်းအဖွဲ့များ အနေဖြင့် လူအင်အားစုဆောင်းခြင်း၊ နယ်မြေတည်ဆောက်ခြင်း စသည်တို့ကို မလုပ်ဆောင်ဘဲ ငြိမ်းချမ်းရေးဆွေးနွေရန်လိုအပ်ကြောင်းလည်း ၎င်းကပြောသည်။

တပ်မတော်မှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ၊ ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ၊ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတို့တွင် တစ်ဖက်သတ်အပစ်ရပ် ကြေငြာခဲ့သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၃ ဖွဲ့ဖြစ်သော (TNLA)၊ (MNDAA)၊ (AA) တို့သည် ယခုလ ၁၅ ရက်နေ့က ပြင်ဦးလွင်ရှိတပ်မတော် နည်းပညာတက္ကသိုလ်အပါအဝင် ပြင်ဦးလွင်နှင့် နောင်ချိုနယ်ရှိ တပ်ရင်း ဌာချုပ်၊ ပူးပေါင်းစစ်ဆေးရေးဂိတ် စသည်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိနေသည်။

တပ်မတော်၏ တစ်ဖက်သတ် အပစ်အခိုက်ရပ်စဲရေးကာလ သက်တမ်းမှာ ယခု သြဂုတ်လကုန်လျှင် ကုန်ဆုံးမည်ဖြစ်၍ ထပ်မံကာ အပစ်ရပ်သက်တမ်း မတိုးခဲ့လျှင် အပစ်ရပ်ကာလအလွန် ငြိမ်းချမ်းရေးအခင်းအကျင်းကို ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း PPST ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားထားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ် လ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပြုလုပ်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ စတုတ္ထအကြိမ်မြောက် အစည်းအဝေး၏ အဖွင့်မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ