တိုက်ပွဲကြောင့် ပလက်ဝတွင် ရွေးကောက်ပွဲမကျင်းပနိုင်မည်ကို ချင်းအရပ်ဖက်အဖွဲ့အစည်းများစိုးရိမ်

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်မည်ကို အထူးစိုးရိမ်မိကြောင်း ချင်းအရပ်ဖက်အဖွဲ့အစည်း(၇)ဖွဲ့မှ အောက်တိုဘာလ ၁၄ ရက်နေ့ရက်စွဲဖြင့် သဘောထားထုတ်ပြန်လိုက်သည်။

By မင်းထွန်း 15 Oct 2020


မင်းထွန်း | DMG
အောက်တိုဘာ ၁၅ ၊ စစ်တွေ

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်မည်ကို အထူးစိုးရိမ်မိကြောင်း ချင်းအရပ်ဖက်အဖွဲ့အစည်း(၇)ဖွဲ့မှ အောက်တိုဘာလ ၁၄ ရက်နေ့ရက်စွဲဖြင့် သဘောထားထုတ်ပြန်လိုက်သည်။

ပလက်ဝမြို့နယ်တွင် နယ်မြေလုံခြုံရေးအခြေအနေကို အကြောင်းပြပြီး ရွေးကောက်ပွဲမကျင်းပမည်ကို စိုးရိမ် သည့်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ပေးရန် တောင်းဆိုရခြင်းဖြစ်သည်ဟု ချင်းအဖွဲ့အစည်း(၇)ဖွဲ့တွင် ပါဝင်သည့် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းကောင်စီ(KACC) ဒု-ဥက္ကဋ္ဌ ဆလိုင်းစောမြက ပြောသည်။

“ကျနော်ဆီမှာ နယ်မြေလုံခြုံရေးကိုအကြောင်းပြပြီးတော့ အစိုးရတပ်ဘက်က အသွားအလာကန့်သတ်တာတွေ ရှိတယ်။ နောက်တစ်ခုက AA ဘက်ကလည်း ရွာထဲမှာဝင်ပြီးအခြေပြုတာ၊လှုပ်ရှားနေတာတွေရှိတယ်။ အဲဒါကို အကြောင်းပြပြီးတော့ နယ်မြေလုံခြုံရေး မကောင်းဘူးဆိုပြီး ရွေးကောက်ပွဲမကျင်းပဘဲ ထားခဲ့မှာကို စိုးရိမ်တဲ့ အတွက် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပေးပါဆိုတဲ့သဘောနဲ့ ထုတ်ပြန်တာဖြစ်တယ်” ဟု သူကပြောသည်။

ရွေးကောက်ပွဲကျင်းပခြင်းသည် ဒီမိုကရေစီရှင်သန်ရေးအတွက် အခရာကျသည့်လုပ်ငန်းစဉ်ဖြစ်ပြီး လူထု၏ အခွင့်အရေးများကို တောင်းဆိုတင်ပြပေးနိုင်သည့် နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခုဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရွေးကောက်ပွဲ မကျင်းပခဲ့ဘူးဆိုရင် ကိုယ်စားပြုမှုပျောက်သွားမယ်။ နောက်ပြီး ကျနော်တို့ကိုယ်စား ပြောဆိုမယ့်သူလည်း ပျောက်သွားမယ်။ အခုထက် ပိုဆိုးလာမယ်ပေါ့ဗျာ။ ဒေသခံတွေအနေနဲ့လည်း သွယ်ဖယ်ခံရတယ်ဆိုပြီး ဖြစ်သွားမယ်။ အစိုးရအပေါ်မှာ ယုံကြည်မှုလည်း ပျောက်သွားနိုင်တယ်” ဟု ဆလိုင်းစောမြကဆိုသည်။

ထို့ကြောင့် ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရမှ အရေးတယူ ကူညီဆောင်ရွက်ပေးရန်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအဝင် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို သတ်မှတ်ဥပဒေများနှင့်အညီ စနစ်တကျဆောင်ရွက်ပေး နိုင်ရန် ထုတ်ပြန်ချက်ဖြင့် တောင်းဆိုထားသည်။

အဆိုပါ မြို့နယ်အတွင်းကို တပ်မတော်မက လုံခြုံရေးတာဝန်ယူဆောင်ရွက်ပေးလျှင် ရွေးကောက်ပွဲကျင်းပ ပြုလုပ်နိုင်ကြောင်း ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူ (ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ယာရေးနှင့်လျှပ်စစ်၊စက်မှုလက်မှုဝန်ကြီး) ဦးစိုးထက်ကပြောသည်။

“အေအေလှုပ်ရှားမှုရှိလို့ မအေးချမ်းတဲ့နယ်မြေတွေကလွဲပြီး ကျန်တဲ့နေရာတွေကတော့ကျင်းပနိုင်တယ်။ ဆိုတော့မအေးချမ်းတဲ့ နေရာမှာရှိတဲ့ ပြည်သူတွေက ပလက်ဝမြို့ပေါ်ကိုလာပြီးလို့တောင် မဲထည့်ချင်နေ ကြတယ်။ မဲပေးချင်နေကြတဲ့ ဆန္ဒက အပြည့်အဝရှိနေကြတယ်” ဟု ၎င်းကဆက်၍ဆိုသည်။

လက်ရှိ ပလက်ဝမြို့နယ်အခြေအနေအရ ဒေသခံတို့မှာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိဖြစ်နေကြပြီး ရွေးကောက်ပွဲကျင်းပနိုင်မည်ဆိုလျှင်လည်း မြို့ပေါ်တစ်ခုတည်းမှာသာ ကျင်းပလို့ရနိုင်သော အနေအထားသာ ရှိကြောင်း ယင်းမြို့ဒေသခံ ကိုတင်ထွန်းအောင်ကဆိုသည်။

“စားဝတ်နေရေးအဆင်မပြေဖြစ်နေကြတယ် အခုအချိန်က၊ တိုက်ပွဲလည်းနေရာကွက်ကျားကနေ နေရာအနှံ့ ထိပေါ့။ ဆိုတော့ ရွေးကောက်ပွဲနိုင်သွားရင်လည်း ကျနော့်တို့အတွက် ဘာအာမခံချက်မှမရှိဘူး။ အခုက အသက်အာမခံချက်လည်း မရှိတဲ့အခြေအနေ ဖြစ်နေတယ်။ ရွေးကောက်ပွဲကို အားကိုးနေရမယ့်အဖြစ်မျိုးထိ မိုက်ရူးရဲဆန်မှာမဟုတ်ဘူး” ဟု ၎င်းက ဆက်၍ပြောသည်။

အဆိုပါ ချင်းအဖွဲ့စည်း(၇)ဖွဲ့၏ထုတ်ပြန်ချက်တွင် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ကိုယ်စားလှယ် လောင်းများ၏ မဲဆွယ်စည်းရုံးရေးအတွက် လွတ်လပ်စွာမဲဆွယ်စည်းရုံးနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ စိုးရိမ်မှု ကင်းစွာဖြင့် မဲပေးနိုင်ရေးကိုရှေ့ရှု၍ အသွားအလာကန့်သတ်ခြင်း၊ လုံခြုံရေးအကြောင်းပြပြီး စစ်ပွဲနှင့် မသက်ဆိုင်သူများကို လက်လွတ်စပယ်ဖမ်းဆီးခြင်း၊ ရွေးကောက်ပွဲမဖြစ်မြောက်ရေးအတွက် ခြိမ်းခြောက် ခြင်းများမပြုလုပ်ရန် တောင်းဆိုထားသည်။

ရွေးကောက်ပွဲမကျင်းပနိုင်သည့် မဲဆန္ဒနယ်များကို အောက်တိုဘာလအတွင်းတွင် ကြေငြာသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ တာဝန်ရှိသူများက ပြောဆိုထားသော်လည်း လက်ရှိအချိန်ထိ ကြေငြာခြင်းမရှိသေးပေ။

နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန် အတွက်လည်း တဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်သည်။

ဗီဒီယိုများ