ပေါက်တောတွင် ရွေးကောက်ပွဲမကျင်းသည့်ကိစ္စ ပြန်စိစစ်ပေးရန် ကော်မရှင်ထံ ရခိုင်ကိုယ်စားလှယ်လောင်းအချို့တောင်းဆို

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသတည်ငြိမ်မှုရှိသည့်အတွက် ယင်းမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပသည့် ကြေညာချက်ကို ပြန်လည်စိစစ်ပေးရန် ရခိုင့်ဦးဆောင်ပါတီ AFP မှ ကိုယ်စားလှယ်လောင်းအချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုလိုက်သည်။

23 Oct 2020

ခင်သရဖီဦး | DMG
အောက်တိုဘာ ၂၃၊ စစ်တွေ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသတည်ငြိမ်မှုရှိသည့်အတွက်  ယင်းမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပသည့် ကြေညာချက်ကို ပြန်လည်စိစစ်ပေးရန် ရခိုင့်ဦးဆောင်ပါတီ AFP မှ ကိုယ်စားလှယ်လောင်းအချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုလိုက်သည်။

အဆိုပါ မြို့နယ်ရှိ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲယှဉ်ပြိုင်ရန် ပြင်ဆင်ထားသော ရခိုင့်ဦးဆောင်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦးက အောက်တိုဘာလ (၂၂) ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာရေးသား တောင်းဆိုခြင်းဖြစ်သည်။

“ပြန်လည်သုံးသပ်စေချင်တယ်ပေါ့၊ ဘာကြောင့်လဲဆိုတော့ တကယ်လိုများ သုံးသပ်မှုတွေက မှားတာလား၊ သတင်းမှားယွင်းထုတ်ပြန်မိတာလားတော့ မသိရဘူးပေါ့နော်၊ တကယ်လို့ သတင်းမှားယွင်း ထုတ်ပြန်တာဖြစ်ဖြစ်၊ သုံးသပ်ချက်လွဲချော်တာဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် ပေါက်တောမြို့နယ်က အခုချိန်မှာ တည်ငြိမ်နေတဲ့အတွက် ပြန်လည်သုံးသပ်ဖို့ လိုတယ်လို့ မြင်တယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအေးသာအောင်က ပြောသည်။

ရခိုင့်ဦးဆောင်ပါတီမှ ပေါက်တောမြို့နယ်ရှိ မဲဆန္ဒနယ် အသီးသီးတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့လွှတ်တော်နေရာတွင် ဒေါ်တင်ညွန့်၊ အမျိုးသားလွှတ်တော်နေရာတွင် ဦးအေးသာအောင်နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) တွင် ဦးခင်နု၊ အမှတ် (၂)တွင် ဦးထွန်းသိန်းတို့ဖြစ်ကြသည်။

ပြည်ထောင်စုကော်မရှင်ကမူ ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ်များကို ဆုံးဖြတ်ကြေငြာရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့မှ သဘောထားမှတ်ချက်ရယူပြီး လေ့လာစိစစ်သုံးသပ်ကာ ဆုံးဖြတ်ကြေညာခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုထားသည်။

သို့သော်လည်း ပေါက်တောမြို့နယ်တွင် ကျင်းပနိုင်ခြင်းရှိ/မရှိကို ၎င်းမြို့နယ်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သဘောထားရယူခြင်းမရှိကြောင်း ပေါက်တောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးစောထွန်းစိန်က DMG သို့ပြောသည်။

“ကျနော်တို့ကို မေးမြန်တာတော့မရှိပါဘူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးကိုတော့ မေးတယ်လို့သိရတယ်။ ဒီမှာတော့ မြို့နယ်ကော်မရှင်ဥက္ကဌကို မေးတာတော့ မရှိပါဘူး” ဟု ၎င်းကဆက်၍ပြောသည်။

 ပေါက်တောမြို့နယ်၌ ရခိုင်အမျိုးသားပါတီANP ၊ ရခိုင့်ဦဆောင်ပါတီ AFP ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီများမှ ကိုယ်စားလှယ်လောင်း (၁၆)ဦး တို့မှာ လွှတ်တော်အသီးသီး၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကြသည်။

အဆိုပါမြို့နယ်အတွင်းတွင် လွှတ်တော်ကိုယ်စားလှယ်လောင်များအနေဖြင့် မဲဆွယ်စည်းရုံးရေး ဆင်းကြရာမှာလည်း လည်းရပ်ရွာတည်ငြိမ်မှုများရှိပြီး  ပြည်သူများအနေဖြင့် မဲပေးလိုသည့်ဆန္ဒရှိကြကြောင်း ကိုယ်စားလှယ်လောင်းများ၏ ကော်မရှင်ထံ တင်ပြစာ၌ ဖော်ပြထားသည်။

“ ရခိုင်တစ်ပြည်လုံးမှာ ဖြစ်နိုင်တဲ့နည်းနဲ့  အခက်အခဲရှိနေတဲ့ မြို့တွေမှာတောင်မှာ အပြုသဘောဆောင်ပြီး မဖြစ်နိုင်တဲ့ နေရာတွေကို ချန်ပြီးတော့ ဖြစ်နိုင်တဲ့နေရာတွေကို လုပ်ပေးစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက မြို့နယ်တိုင်းမှာလိုအပ်တယ်” ဟု ဦးအေးသာအောင်က ပြောသည်။

ပေါက်တောမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၅)ခုနှင့် ကျေးရွာအုပ်စုပေါင်း (၅၈)အုပ်စုတွင်  မဲပေးခွင့်ရှိသူ ဦးရေ စုစုပေါင်း တစ်သိန်းကိုးထောင့်ခုနှစ်ရာ(၁၀၉၇၀၀)ကျော်ခန့်ရှိကြောင်း ယင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ် တစ်ခုလုံးတို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

အလားတူ အမ်း၊တောင်ကုတ်၊ ကျောက်ဖြူနှင့် စစ်တွေမြို့နယ် များမှ ရပ်ကွက်ပေါင်း ၁၅ ခုနှင့် ကျေးရွာအုပ်စု ၁၃၇ အုပ်စုတို့တွင်လည်း ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း UEC က ထုတ်ပြန်ကြေညာထားသည်။

ဗီဒီယိုများ