ပေါက်တောတွင် နေဗီမှပစ်ခတ်၍ အသက် ၆ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ၅ ဦး ဒဏ်ရာရကြောင်း ဒေသခံများပြော

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ယနေ့(အောက်တိုဘာ ၂၉ ရက်) မွန်းလွဲပိုင်းအချိန်က တပ်မတော် ရေယာဉ်မှ ပစ်ခတ်မှုကြောင့် အသက်(၆)နှစ်အရွယ်ကလေး ၁ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

By မျိုးသီရိကျော် 29 Oct 2020

Photo - Kyaw Soe Thein

မျိုးသီရိကျော် | DMG
အောက်တိုဘာ ၂၉ ၊ ပေါက်တော

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ယနေ့(အောက်တိုဘာ ၂၉ ရက်) မွန်းလွဲပိုင်းအချိန်က တပ်မတော် ရေယာဉ်မှ ပစ်ခတ်မှုကြောင့် အသက်(၆)နှစ်အရွယ်ကလေး ၁ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဒဏ်ရာရရှိသူများမှာ ပေါက်တောမြို့နယ် ကျော်ရှင်ကျေးရွာမှ ဦးအောင်သာမောင် အသက် (၅၅)နှစ်၊ ဒေါ်မထွန်းစိန် (၅၈)နှစ်၊ မသန်းနုဝင်း အသက်(၂၆)နှစ်၊ မသန်းနုခိုင် အသက်(၂၆)နှင့် မောင်ဦးမြဝင်း အသက်(၆)တို့မှာ ဦးခေါင်း၊ လည်ပင်း၊ ပေါင်၊ ရင်ဘက်တို့၌ ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း ရွှေကျင်ကျေးရွာမှ ရာအိမ်မှူး ဦးဦးသာလှက ပြောသည်။

“လက်နက်ကြီးက အိမ်ရဲ့မြောက်ဖက်ကို ဖောက်ထွက်လာပြီး ဒီမိသားစုရဲ့ဝိုင်းဖွဲ့စကားပြောနေတဲ့အချိန် ကျလာတာ။ ဒဏ်ရာတွေရကြတယ်။ ပထမကျတဲ့အိမ်က နေအိမ်ပျက်စီးသွားတယ်” ဟု ၎င်းကရှင်းပြသည်။

ယင်းသို့ဒဏ်ရာရရှိသွားကြသည့် မိသားစုဝင်များမှာ ပေါက်တော မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြသည်။

မင်းပြားမြို့နယ်ဘက်မှ စစ်တွေဘက်သို့ပြန်လာသည့်  တပ်မတော်ရေယာဉ်နှစ်စီးသည် ပေါက်တောမြို့အလွန် ကျော်ရှင်ကျေးရွာနှင့် ၄ မိုင်ခန့် ကွာဝေးသည့် ပေါက်တောမြစ်ကြောင်းမှ လက်နက်ကြီးများဖြင့် ကျေးရွာများ ဘက်သို့ ပစ်ခတ်လိုက်ခြင်းကြောင့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ကျော်ရှင်ကျေးရွာမှ ဦးကျော်သက်ခန့်က ပြောသည်။

“ကျနော်တို့ ပေါက်တောမြို့နယ်မှာ တစ်ခါမှဒီလိုမျိုး ပစ်ခတ်သံတွေ မကြားဖူးဘူး။ ဒီနေ့မှ ကိုယ့်အိမ်မှာနေလို့ ဒဏ်ရာရကြတယ်ဆိုတော့ နောက်ထပ် ဒီလိုဖြစ်လာမှာကိုလည်း စိုးရိမ်တယ်။ မနက်ပိုင်း ၆ နာရီလောက် ကလည်း တစ်ကြိမ်ပစ်သွားတယ် အဲဒီအချိန်ကတည်းက စိုးရိမ်နေကြတာ။ အခုဆိုရင်ပိုပြီးတော့ စိုးရိမ်စိတ်တွေ များသွားပြီ” ဟု ၎င်းကဆိုသည်။

ပေါက်တောမြို့နယ်တွင် နံနက်ပိုင်းအချိန်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပေါက်တောမြို့တွင် ဈေးဆိုင်များပိတ်ထားပြီး ဒေသခံများအနေဖြင့် စိုးရိမ်နေကြကြောင်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ဆိုသည်။

အဆိုပါ နေဗီသည် ‌ယနေ့ နံနက်ပိုင်းအချိန်က စစ်တွေမှ မင်းပြားမြို့နယ်သို့သွားရာတွင် ရေလမ်းကြောင်း တစ်လျှောက် ပစ်ခတ်ခဲ့သဖြင့် မင်းပြားမြို့နယ် စက္ကေရကျေးရွာမှ အသက် ၁၀ နှစ်ကျော်အရွယ် အမျိုးသမီးငယ် နှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့မှာ ကျည်ထိမှန်ခဲ့‌ပြီး ယင်းအထဲမှ ဒဏ်ရာပြင်းထန်သူ တစ်ဦးကိုလည်း စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ် ရဲရင့်အောင်တို့အား DMG မှ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ရခိုင်ပြည်နယ်အတွင်း  ၂၀၂၀ ပြည့်နှစ် ဇွန်လမှ အောက်တိုဘာ ၂၉ ရက်နေ့အထိ လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုတို့ကြောင့် ဒဏ်ရာရရှိသည့် အရပ်သား ၁၂၇ ဦးရှိကာ သေဆုံးသူ ၄၅ ဦးထိ ရှိသည်။

ဗီဒီယိုများ