ANP ပါတီမှ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်း ပါတီမှ နှုတ်ထွက်စာတင်ထား

ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းမှာ ပါတီမှ နှုတ်ထွက်စာတင်ထားကြောင်း သိရသည်။

20 Aug 2021

DMG ၊ သြဂုတ် ၂၀

ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းမှာ ပါတီမှ နှုတ်ထွက်စာတင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့က နှုတ်ထွက်စာတင်ထားခြင်းဖြစ်ကာ အဓိအားဖြင့် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပါတီရပ်တည်ချက်၊ ပါတီမူဝါဒများကိုမကြိုက်ခြင်း၊ ပါတီ၏ ခေါင်းဆောင်အချို့မှာ ပါတီမှချမှတ်ထားသည့် စည်းကမ်း၊မူဝါဒများဖြင့် အလုပ်မလုပ်ခြင်းနှင့် စစ်တပ်မှအာဏာသိမ်းလိုက်သည့်အတွက် ပါတီနိုင်ငံရေးဆက်လက်ရှိနေမည်မှာ မသေချာသည့်အတွက် ပါတီနိုင်ငံရေးလမ်းကြောင်းမှနှုတ်ထွက်လိုက်ခြင်း စသည့် အချက်သုံးချက်ဖြင့် ပါတီမှနှုတ်ထွက်ခြင်းဖြစ်ကြောင်း ဦးဖေသန်းက DMG ကို ပြောသည်။

“ပါတီရဲ့ခေါင်းဆောင်တချို့ဟာ ပါတီရဲ့ချမှတ်ထားတဲ့ ပါတီစည်းကမ်း၊ မူတွေနဲ့ အလုပ်မလုပ်ဘဲ ကိုယ့်ထင်ရာကိုယ်လုပ်နေကြတဲ့ အကြောင်းပြချက်လည်းပါတယ်’’ ဟု ၎င်းကပြောသည်။

ယင်းအပြင် အာဏာသိမ်းလိုက်သည့်အတွက် ပါတီနိုင်ငံရေးတွင်လည်း ပြည်သူလူထုအနေဖြင့် စိတ်ဝင်စားမှု လျော့နည်းသွားပြီး အလုပ်မဖြစ်တော့သည့်အတွက် အမျိုးသားရေးကို လွတ်လပ်စွာလုပ်ဆောင်နိုင်ရန် ပါတီနိုင်ငံရေးမှ နှုတ်ထွက်ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

လက်ရှိတွင် နှုတ်ထွက်စာတင်ထားသည်မှာ နှစ်လကျော်ခန့် ကြာမြင့်လာပြီးဖြစ်သော်လည်း ANP ပါတီအနေဖြင့် အကြောင်းကြားမှုတစ်စုံတစ်ရာ မရှိသးကြောင်း၊ သို့သော် ပါတီတွင် တာဝန်မရှိတော့ကြောင်း ဦးဖေသန်းကဆက်ပြောသည်။

“ပါတီက တခုမှအကြောင်းပြန်ကြားတာမရှိဘူး၊ ပါတီက အကြောင်းပြန်သည်ဖြစ်စေ၊ မပြန်သည့်ဖြစ်စေ ကျနော်အနေနဲ့က ပါတီရဲ့မူဝါဒရေရာဦးဆောင်ကော်မတီအဖြစ်ကနေ ပြောရေးဆိုခွင့်ရှိသူအဖြစ်ကပါ ကျနော်မှာတာဝန်မရှိတော့ပါဘူး၊ ပါတီက ဒါနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမပြောပေမဲ့ တာဝန်မရှိတော့ဘူးလို့ ယူဆပါတယ်” ဟု ဆိုသည်။

ယင်းကိစ္စဖြင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီဥက္ကဌ ဦးသာထွန်းလှအား မေးမြန်းရာတွင် “လောလောစဉ်တော့ အဲဒီကိစ္စကို ပြောလိုမရသေးဘူး”ဟု ဆိုသည်။

ရခိုင်အမျိုးသားပါတီမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် ရခိုင်ပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီတစ်ခုဖြစ်သည်။

လက်ရှိတွင် ပါတီရပ်တည်ချက်နှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများကြောင့် ပါတီမှ နှုတ်ထွက်သူအချို့ရှိနေသည်။

ဗီဒီယိုများ