ရေဖြူမြို့ အထက်တန်းစာသင်ကျောင်း၌ ဗုံးပေါက်ကွဲ

တနင်္သာရီတိုင်း၊ ရေဖြူမြို့ရှိ အထက်တန်းစာသင်ကျောင်းတွင် ယနေ့(ဧပြီ ၁ ရက်) နံနက် ၈ နာရီကျော်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

01 Apr 2022

DMG ၊ ဧပြီ ၁

တနင်္သာရီတိုင်း၊ ရေဖြူမြို့ရှိ အထက်တန်းစာသင်ကျောင်းတွင် ယနေ့(ဧပြီ ၁ ရက်) နံနက် ၈ နာရီကျော်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ဖြစ်သည့် အင်္ဂလိပ်ဘာသာဖြေဆိုရန် ကျောင်းသားကျောင်းသူများ စာဖြေခန်းသို့ဝင်ရောက်နေချိန် ကျောင်းဆောင်အနီး၌ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ရေဖြူမြို့ဒေသခံတစ်ဦးမှ DMG ကိုပြောသည်။

"ကျောင်းသားတွေ စာဖြေခန်းဝင်ဖို့လုပ်နေတုန်း ကျောင်းထဲက စာသင်ဆောင်တစ်ခုအနီးမှာ ဗုံးပေါက်ကွဲသွားတာ။ အဲဒီကကျောင်းသား၊ကျောင်းသူတွေ၊ မိဘတွေကော အကုန်လန့်သွားတယ်"ဟု ၎င်းမှဆိုသည်။

ထိုသို့ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စာသင်ကျောင်းအနီး စစ်တပ်နှင့်ရဲက ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံများထံမှသိရသည်။

ဗုံးပေါက်ကွဲဖြစ်ပွားခဲ့သည့် အ.ထ.က(ရေဖြူ) စာသင်ကျောင်းအတွင်း၌ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ(၉၀)ဦးကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း အမည်မဖော်လိုသည့် ကျောင်းသားမိဘတစ်ဦးက ပြောသည်။

"စာဖြေတဲ့ကလေးတွေက အယောက် ၉၀ ကျော်လောက် လာဖြေပါတယ်။ ဗုံးပေါက်တာက စာသင်ဆောင်ဘက်ဖြစ်နေတယ်။ လူမရှိတဲ့အတွက် အထိအခိုက်ဒဏ်ရာရတဲ့သူတော့ မရှိခဲ့ဘူး"ဟု ၎င်းမှဆိုသည်။

စစ်ကောင်စီမှကျင်းပနေသည့် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမှုအတွင်း ရေဖြူမြို့နယ် အထက်တန်းစာသင်ကျောင်းမှာ ပထမဆုံး ဗုံးပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

ဗီဒီယိုများ