ရခိုင်က အမျိုးသားပြက္ခဒိန်ထုတ်ဝေရောင်းချနေခြင်းကို ရပ်နားရမည့် အခြေအနေနှင့်ကြုံနေရ

လတ်တလောတွင် ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် ကုန်ပစ္စည်းဈေးနှုန်းများမှာ အဆမတန်မြင့်တက်လာနေသည့်အတွက် ရခိုင်က အမျိုးသားပြက္ခဒိန်ထုတ်ဝေရောင်းချနေသည်များကိုလည်း ဆက်လက်လည်ပတ်ရန်အခက်အခဲရှိသဖြင့် ရပ်တန့်ရမည့် အနေအထားဖြစ်နေကြောင်း သိရသည်။

04 Oct 2021

DMG ၊ အောက်တိုဘာ ၄

လတ်တလောတွင် ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် ကုန်ပစ္စည်းဈေးနှုန်းများမှာ အဆမတန်မြင့်တက်လာနေသည့်အတွက် ရခိုင်က အမျိုးသားပြက္ခဒိန်ထုတ်ဝေရောင်းချနေသည်များကိုလည်း ဆက်လက်လည်ပတ်ရန်အခက်အခဲရှိသဖြင့် ရပ်တန့်ရမည့် အနေအထားဖြစ်နေကြောင်း သိရသည်။

ယခင်က ပြက္ခဒိန်တစ်ချပ်လျှင် ပုံမှန်ဈေး(၂၀၀၀)ကျပ်ရှိပြီး လက်ရှိတွင် ကုန်ဈေးနှုန်းများ မြင့်တက်နေသောကြောင့် ပြက္ခဒိန်များကို ဈေးတင်ရောင်းရမည့်အခြေအနေမျိုးဖြစ်နေသော်လည်း စားသုံးကုန်မဟုတ်သည့်အတွက် ဈေးမြင့်ရောင်းရန် ခက်ခဲနေသည်ဟု အမျိုးသားပြက္ခဒိန်ထုတ်ဝေရောင်းချနေသူ ကိုသိန်းအောင်မြတ်ကပြောသည်။

“အခုဆိုရင် ဆီဈေးနှုန်းကလည်း အရမ်းမြင့်တက်နေတော့ ကျနော်တို့မှာ ပြက္ခဒိန်သွားရောင်းဖို့အတွက် ကားငှားစရိတ်တွေအရမ်းကုန်တယ်။ ပြီးတော့ အလုပ်သမားစရိတ်တွေလည်း ပေးရသေးတယ်။ သူများတွေလို ဒေါ်လာဈေးတက်ရင်တက်သလို ဈေးမြင့်ရောင်းဖို့ကလည်း စားသောက်ကုန်လည်းမဟုတ်တော့ ဘယ်လိုနည်းနဲ့မှ အဆင်မပြေနိုင်ဘူး။ ဒါကြောင့် လက်ရှိလည်း ပြက္ခဒိန်တစ်ချပ်ကို ၂ ထောင်နဲ့ပဲဆက်ရောင်းနေရတယ်။ အရှုံးခံပြီးရောင်းနေရတာပေါ့”ဟု ၎င်းကပြောသည်။

အဆိုပါအမျိုးသားပြက္ခဒိန်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လကတည်းကပင် စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး အစပိုင်းတွင် စုစုပေါင်းပြက္ခဒိန်အရေအတွက် (၆)သောင်းခန့်ထုတ်ဝေရန် ရည်မှန်းထားခဲ့သော်လည်း ယခုကဲ့သို့အခြေအနေမျိုးများဖြစ်လာသည့်အတွက် အစောင်ရေတစ်သောင်းခွဲသာ ထုတ်နိုင်ခဲ့သည်ဟုလည်း သိရသည်။

အမျိုးသားပြက္ခဒိန်တွင် ရခိုင်လူမျိုးတို့၏ ခေတ်အဆက်ဆက်ဝတ်စားဆင်ယင်မှုများ၊ ယဉ်ကျေးမှုဓလေ့များကို အဓိကဖော်ပြထားပြီး ရခိုင်လူမျိုးများအား မိမိတို့၏ ယဉ်ကျေးမှုဓလေ့များကို မမေ့ဖျောက်ဘဲသိရှိစေရန်ရည်ရွယ်ချက်ဖြင့် ထုတ်ဝေခြင်းဖြစ်သဖြင့် လုပ်ငန်းရပ်တန့်ရမည်ကိုမလိုလားကြောင်း ကိုသိန်းအောင်မြတ်က ဆက်ပြောသည်။

“တစ်ချို့အိန္ဒိယဇာတ်ကားတွေကိုကြည့်လိုက်ရင် သူတို့က ကိုယ့်လူမျိုးရဲ့ရိုးရာယဉ်ကျေးမှုတွေ၊ ဝတ်စားဆင်မှုတွေကို ကမ္ဘာကသိအောင် အမြဲချပြလေ့ရှိတယ်။ ကျနော်တို့ကလည်း ကိုယ့်လူမျိုးရဲ့ရိုးရာဓလေ့တွေကို အဲလိုမျိုးချပြချင်တာ။ ဥပမာပြောရရင် ကလေးတစ်ယောက်ကို ရခိုင်ရိုးရာဝတ်စုံဝတ်ဆိုပြီး ဒီတိုင်းခိုင်းလိုက်လို့မရဘူး။ အိမ်တိုင်း၊ အိမ်တိုင်းမှာ ဒီလိုပြက္ခဒိန်တွေကို ချိတ်ထားမှ ကလေးတွေကလည်းပုံတွေကိုမြင်ပြီး အော် ရခိုင်လူမျိုးဆိုတာ ဒီလိုမျိုးဝတ်စားဆင်ယင်ရတာပါလားဆိုပြီး သိမြင်လာတာ။ ဒါကြောင့်ကျနော့်အနေနဲ့ ဒီလုပ်ငန်းကိုမရပ်စေချင်ဘူး။ ဒါပေမယ့် ဒေါ်လာဈေးသာမကျဘဲ ဒီတိုင်းဆက်တက်နေမယ်ဆိုရင်တော့ ကျနော်တို့ဆက်ထုတ်ဝေဖို့မဖြစ်နိုင်တော့ဘူး။ ရပ်လိုက်ရတော့မယ်”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ထုတ်ဝေထားသည့် ပြက္ခဒိန်စောင်ရေတစ်သောင်းခွဲကို ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောတို့တွင် သွားရောက်ကာ လှည့်လှည်ရောင်းချနေပြီး ယင်းမှတစ်ဆင့် မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းသို့ ထပ်မံသွားရောက်ကာ ရောင်းချသွားမည်ဟုလည်း သိရသည်။

ကိုသိန်းအောင်မြတ်မှာ ပြီးခဲ့သည့် (၂၀၁၉)ခုနှစ်ကလည်း ရက္ခိတပြက္ခဒိန်အမည်ဖြင့် ပြက္ခဒိန်ထုတ်ဝေရောင်းချခဲ့ပြီး ယင်းပြက္ခဒိန်ထဲတွင် ခိုင်မိုးလင်းနေ့၊ စစ်တွေဆန်ပြသာနာနေ့၊ ဆရာကြီး ဦးသာထွန်းနေ့၊ ရခိုင်ပြည်အချုပ်အချာအာဏာကျဆုံးသည့်နေ့၊ ဧပြီ(၁၀)ရက်နေ့ (ရက္ခိုင့်တပ်တော်နေ့)တို့ပါရှိသဖြင့် ၂၀၁၉ခုနှစ်၊ ဧပြီလ (၆)ရက်နေ့တွင် ကိုသိန်းအောင်မြတ်နှင့်အတူ အဖော်လိုက်ပါလာသူ(၃)ဦးကို ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းတွင် ပြက္ခဒိန်ရောင်းနေစဉ် ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့သည်။

ထို့နောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ-၁၇(၁)ဖြင့် တရားစွဲဆိုခဲ့ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တရားရုံးမှ ၎င်းတို့လေးဦးကို ထောင်ဒဏ် ၂ နှစ်စီ အသီးသီးချမှတ်ခဲ့သည်။

ယင်းထဲမှ ကိုသိန်းအောင်မြတ်မှာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)အပြင် တရားမဝင်ပုံနှိပ်ထုတ်ဝေမှုဖြင့်ပါ ထောင်ဒဏ်(၆)လ ပိုချမှတ်ခံခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထောင်မှလွတ်မြောက်လာကာ လက်ရှိတွင် အမျိုးသားပြက္ခဒိန်အမည်ဖြင့် ထပ်မံထုတ်ဝေရောင်းချနေခြင်းဖြစ်သည်။

ဗီဒီယိုများ