ဖမ်းဆီးခံ ပါတီဝင်သုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ရခိုင်ပြည်နယ်NLDမှ တိုက်တွန်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် တွင် ရက္ခိုင့်တပ်တော်(AA) ၏ ဖမ်းဆီးခြင်းကိုခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်သုံးဦးကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် NLDပါတီ၏ ရခိုင်ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်  ထုတ်ပြန်ချက်ဖြင့် တောင်းဆိုလိုက်သည်။

By မင်းထွန်း 30 Dec 2020

မင်းထွန်း | DMG
ဒီဇင်ဘာ ၃၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် တွင် ရက္ခိုင့်တပ်တော်(AA) ၏ ဖမ်းဆီးခြင်းကိုခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်သုံးဦးကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် NLDပါတီ၏ ရခိုင်ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်  ထုတ်ပြန်ချက်ဖြင့် တောင်းဆိုလိုက်သည်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများဖြစ်သည့် ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်နှင့် ဒေါ်ချစ်ချစ်ချောတို့ သုံးဦးသည် ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသည့်အတွက် မိသားစုများ လွန်စွာစိုးရိမ်ပူပင်လျက်ရှိကြောင်းနှင့် မြို့နယ်တွင်းနေထိုင်သူများ၊ ပြည်နယ်အတွင်းရှိ နေထိုင်သူများမှာလည်း ကြောက်ရွံ့စိုးရိမ်မှုတို့ဖြင့် နေထိုင်လုပ်ကိုင်စားသောက်နေကြရကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါ NLD ပါတီဝင်သုံးဦးသည် အောက်တိုဘာ ၁၄ ရက်က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာသို့ ရွေးကောက်ပွဲစည်းရုံးရေးခရီး သွားရောက်စဉ် ရက္ခိုင့်တပ်တော်(AA) ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် AA မှ ဖမ်ဆီးထားသည်မှာ ရက်ပေါင်း ၇၀ ကျော်ရှိလာပြီဖြစ်သည်။

“ဖမ်းထားတာက ကြာလည်း ကြာနေပြီဆိုတော့ လွှတ်ပေးစေချင်တယ်။ ကိုယ့်မှာမိသားစု ဘာပဲလုပ်စားရ၊ လုပ်စားရ။ ရွေးကောက်ပွဲလည်း ပြီးသွားပြီ၊ အခုက လွှတ်တော်တောင်မှ တက်ကြတော့မယ်ဆိုတော့ ပြန်ပြီးလွှတ်စေချင်တယ်။ ကျန်းမာရေးအတွက်လည်း စိုးရိမ်တယ်၊ သူက ကျန်းမာရေးအဲလောက် ကောင်းတာမဟုတ်ဘူး။ အားလုံးသူကို ပြန်လွှတ်ပေးစေချင်တယ်၊ သူတို့မှာ အပြစ်ရှိတာလည်းမဟုတ်ဘူး” ဟု ဖမ်းဆီးခံရသည့် ဒေါ်နီနီမေမြင့်၏ အဒေါ်ဖြစ်သူ ဒေါ်မြရီက ပြောသည်။

NLD ရခိုင်ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့၏ ထုတ်ပြန်ချက်တွက် ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေသည် အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ် အောင်မြင်စွာတည်ဆောက် ပေါ်ထွန်းရေးအတွက်အခွင့်အလမ်း အကောင်းဆုံးအချိန်အခါကောင်းဖြစ်ကြောင်း ဆိုထားသည်။

ယင်းအပြင် AA အဖွဲ့အနေဖြင့် နိုင်ငံအတွက် တန်ဖိုးကြီးမားလှသည့် အခွင့်အလမ်းကောင်းတစ်ရပ်ကို လက်လွှတ်ဆုံးရှုံးမခံဘဲ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို အမြန်ဆုံးပြန်လွှတ်ပေးခြင်းသည် “နောင်အနာဂါတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စု အရေးကိစ္စအတွက်” များစွာအကျိုးဖြစ်မည်ဟု ယုံကြည်သည့်အတွက် ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် အနူးအညွတ်တိုက်တွန်းနှိုးဆော်အပ်ကြောင်း ထုတ်ပြန်ထားသည်။

ပါတီဝင် သုံးဦးဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် NLD ပါတီ ဗဟိုမှလည်း ကြေညာချက်နှစ်ကြိမ် ထုတ်ပြန်ထားပြီးဖြစ်သည်။

ရက္ခိုင့်တပ်တော်(AA) ကမူ ဖမ်းဆီးထားသည့် NLD ပါတီဝင်သုံးဦးကို နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်းနှင့် နှစ်ဦးနှစ်ဘက်ညှိနှိုင်းမှု အဆင်ပြေကာ အပြန်အလှန်နားနည်မှု ရရှိသောအခြေအနေတွင် အမြန်ဆုံးပြန်လွှတ်ပေးမည်ဖြစ်ကြောင်း AA အဖွဲ့၏ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် စွပ်စွဲချက်များဖြင့် ဖမ်းဆီးအကျဉ်းချခံနေရသော ရခိုင်ပြည်သူများနှင့် ရခိုင်နိုင်ငံရေးသမားများအပါအဝင် မတရားဖမ်းဆီးခံထားရသော ULA အဖွဲ့ဝင်များ၏ ဆွေမျိုးရင်းချာများနှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရသည့် ကျောင်းသားများအား လူသားချင်းစာနာစိတ်ဖြင့် အမြန်ဆုံးပြန်လွှတ် ပေးရန်AA က တောင်းဆိုထားသည်။

ဗီဒီယိုများ