COVID-19 ရောဂါကူးစက်ခံရသည်ဟုသံသယရှိပါက နေအိမ်တွင်း ဆေးမကုကြရန် ပြည်နယ်ကောင်စီပြော

ရခိုင်ပြည်နယ်ရှိ ပြည်သူများအနေဖြင့် COVID -19 ရောဂါကူးစက်ခံရသည်ဟုသံသယရှိပါက နေအိမ်အတွင်းကြိတ်ပြီး ဆေးမကုကြရန် ပြည်နယ်ကောင်စီပြန်ကြားရေးအဖွဲ့ဝင် ဦးလှသိန်းကဆိုသည်။

03 Aug 2021

DMG ၊ သြဂုတ် ၃

ရခိုင်ပြည်နယ်ရှိ ပြည်သူများအနေဖြင့် COVID -19 ရောဂါကူးစက်ခံရသည်ဟုသံသယရှိပါက နေအိမ်အတွင်းကြိတ်ပြီး ဆေးမကုကြရန် ပြည်နယ်ကောင်စီပြန်ကြားရေးအဖွဲ့ဝင် ဦးလှသိန်းကဆိုသည်။

COVID-19 ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နေအိမ်တွင်းကြိတ်ပြီးဆေးမကုကြရန်အတွက် အသံချဲ့စက်များဖြင့် ဆော်သြမှုများပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“အိမ်မှာဆေးမကုကြပါနဲ့ ဖြစ်ရင်ဆေးရုံမှာ ကုပါဆိုတာကို လိုက်ပြီးတော့ အော်ပြီးပြီ။ ဒါပေမယ့် ကျွန်တော်တို့က ဘယ်လိုပြောပြော လူ့အခွင့်အရေးဆိုတာရှိတယ်” ဟု ဦးလှသိန်းကဆိုသည်။

လက်ရှိတွင် နေအိမ်အတွင်းဆေးကုသမှုများကြောင့် သေဆုံးသွားခဲ့ရသည့် ကိုဗစ်လူနာများရှိနေသည်ကို ပြည်နယ်ကောင်စီအနေဖြင့် သိကြောင်းလည်းဆိုသည်။

မြို့နယ်တိုင်းလိုလိုတွင် COVID-19 ရောဂါဟုယူဆရသော်လည်း အိမ်တွင်း၌ ဆေးကုသမှုများရှိနေပြီး အဆိုးဝါးဆုံးအခြေအနေ(အောက်ဆီဂျင်ကျခြင်း)မှသာ ဆေးရုံသို့သွားခြင်းမျိုးရှိနေကြောင်း မြောက်ဦးလူငယ်အစည်းအရုံး ဥက္ကဋ္ဌ ကိုခိုင်မင်းသျှင်က ပြောသည်။

“ဒါတွေက မြို့နယ်တိုင်းမှာရှိနေတယ်ဆိုတာတော့ လက်ခံပါတယ်။ ဒါကြောင့် ကိုဗစ်နဲ့ပတ်သက်ရင် ဆေးရုံမှာသွားပြီး အစစ်ဆေးခံတာက ပိုကောင်းမွန်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်မိပါတယ်။ အိမ်မှာကုနေတာထက်စာရင်ပေါ့" ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဆေးခန်းဖွင့်လှစ်ထားသည့် ဆရာဝန်များအနေဖြင့်လည်း ကိုဗစ်လက္ခဏာဟု ထင်မြင်ရသည်နှင့်တပြိုင်နက် ဆေးရုံသို့ စေလွှတ်ခြင်းများကို ဂရုပြုရန်လိုကြောင်းကိုလည်း ကိုခိုင်မင်းသျှင်က ဆိုသည်။ 

ထို့အပြင် ပြည်သူများအနေဖြင့် နေအိမ်အတွင်းကြိတ်ကုသနေသည်ထက် မည်သည့်အခြေအနေမျိုးတွင် ဆေးရုံဆေးခန်းသို့ သွားရောက်ရန်လိုအပ်သည်ကို တိတိကျကျထုတ်ပြန်ရန်လိုအပ်ကြောင်း၊ COVID-19 သံသယလူနာများနှင့်ပတ်သက်ပြီး ရခိုင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ပူးပေါင်းအဖွဲ့မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကဆိုသည်။

“တချို့လူတွေက ဘယ်အခြေအနေမှာ ဆေးရုံဆေးခန်းသွားရမယ်ဆိုတာကို မသိကြဘူး။ နည်းနည်းလောက် ဖျားနာတာနဲ့ ဆေးရုံကိုသွားရင် ဆေးရုံကပြန်လွှတ်တယ်လို့ ကျွန်တော်တို့သိရတာတွေရှိတယ်။ ဒီအခါ အဲဒီလူနာက အိမ်ပြန်ပြီးရှိတဲ့ဆေးသောက်ပြီးနေတာကို နေအိမ်မှာနေပြီးဆေကုတယ်ပြောလို့မရဘူး” ဟု ပြောသည်။

ယင်းအပြင် ပြည်သူများထဲတွင် ငွေကြေးမတတ်နိုင်သူများအနေဖြင့် ဆေးရုံဆေးခန်းမသွားနိုင်သည့်အတွက် ရပ်ကွက်တွင်းရှိဆေးဝါးများကို ဝယ်ယူသုံးစွဲနေရသူများ ရှိနိုင်ကြောင်းလည်း ကိုဇော်ဇော်ထွန်းကဆိုသည်။

“အိမ်မှာ ဆေးကုတယ်ဆိုတာ ဘယ်လိုမျိုးကိုပြောတာလဲ။ အိမ်မှာနေပြီး ရပ်ကွက်တွင်းကဆေးတွေကို သောက်ပြီးနေနေတဲ့လူတွေကိုပြောတာလား။ ဒါမှမဟုတ်အိမ်မှာနေပြီး အောက်ဆီဂျင် ကျလာတဲ့အထိ ဆေးကုနေကြတဲ့လူတွေကိုပြောတာလားဆိုတာကို တိတိကျကျပြောဖို့လိုတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် တချို့ဆေးခန်းများ၌ အနံ့မရပါက ဆေးကုသမှုခံယူခွင့်မရရှိခဲ့ကြောင်း စစ်တွေမြို့မှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။

“ဆေးခန်းတစ်ခု(အမည်မဖေါ်လို)ကို ကျွန်တော်သွားတော့ ဆေးစစ်တာတွေလုပ်တယ်။ ပြီးတော့မှ ကျွန်တော်ကအနံ့မရဘူး ပြောတော့မှ အော်ဟစ်ပြီး ဆေးခန်းကိုမလာဖို့ပြောတာနဲ့ကြုံခဲ့ရတယ်”ဟု သူကပြောပြသည်။

သြဂုတ်လ ၂ ရက်နေ့အထိ ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၂၉၄၀ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၁၈၃၉ ဦးနှင့် သေဆုံးသူ ၂၁၂ ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ