ဂွမြို့နယ်မှ စာသင်ကျောင်းများကို အမြန်ဆုံးပြန်ဖွင့်နိုင်အောင် ဆောင်ရွက်နေဟုဆို

ကိုဗစ်ကူးစက်မှုရှိနေသေးသဖြင့် လက်ရှိအချိန်ထိပိတ်ထားရဆဲဖြစ်သည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ အခြေခံပညာစာသင်ကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း ဂွမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်ကပြောသည်။

12 Nov 2021

ပုံစာ - ဂွမြို့နယ်အတွင်း ကိုဗစ်စည်းကမ်းချက်များအားလိုက်နာမှု ရှိ၊မရှိ စစ်ဆေးနေစဉ်

DMG ၊ နိုဝင်ဘာ ၁၂

ကိုဗစ်ကူးစက်မှုရှိနေသေးသဖြင့် လက်ရှိအချိန်ထိပိတ်ထားရဆဲဖြစ်သည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ အခြေခံပညာစာသင်ကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း ဂွမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်ကပြောသည်။

ကိုဗစ်စည်းကမ်းများကို ပြည်သူများလိုက်နာအောင် နေ့စဉ်ဆောင်ရွက်နေကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှသတ်မှတ်ထားသည့် သုံးပတ်အတွင်းကိုဗစ်ပိုးတွေ့ရှိမှု (၃၆)ယောက်ရှိလျှင် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည်ဟု ၎င်းကဆိုသည်။

"ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့နှုန်းအထိ ရောက်တယ်ဆိုရင်တော့ စာသင်ကျောင်းတွေပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်တယ်။ အခုက ကိုဗစ်ပိုးတွေ့ရှိမှု တဖြည်းဖြည်းလျော့ကျလာတယ်။ အခုဆိုရင်ကုသဆဲက ၁၀ ဦးပဲရှိတော့တယ်”ဟု ဦးဇာနည်ကျော်ကပြောသည်။

နိုဝင်ဘာလ ၁ ရက်နေ့က တစ်နိုင်ငံလုံးရှိ အခြေခံပညာစာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ရခဲ့သော်လည်း ကိုဗစ်ကူးစက်မှုဆက်ရှိနေသေးသည့် ဂွမြို့နယ်အပါအဝင် နိုင်ငံတဝှမ်းရှိ မြို့နယ်ပေါင်း ၃၆ မြို့နယ်မှ စာသင်ကျောင်းများကိုမူ ဆက်လက်ပိတ်ထားရဆဲဖြစ်သည်။

လက်ရှိ ဂွမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိမှုနှုန်း တဖြည်းဖြည်းလျော့နည်းလာနေသည့်အတွက် အခြေခံပညာစာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန်နှင့် ထုတ်ပြန်ထားသည့်ဒေသန္တရအမိန့်များကို ရုပ်သိမ်းနိုင်ရန်တို့ကို သက်ဆိုင်ရာသို့တင်ပြထားကြောင်းလည်း ဂွမြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဂွမြို့နယ်တွင် စာသင်ကျောင်းစုစုပေါင်း (၁၄၀)ကျောင်းရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းသား/သူဦးရေ (၁၀၇၄)ဦးရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဂွမြို့နယ်အတွင်းမှစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ရမည်ဆိုပါက အဆင်သင့်ဖွင့်နိုင်အောင် ကြိုတင်ပြင်ဆင်ထားကြောင်း ဂွမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းနိုင်ကပြောသည်။

“ကျောင်းတွေပိတ်ထားတော့ ကျောင်းသားတွေအတွက် အရမ်းနစ်နာတာပေါ့။ ကျနော်လည်း ကျောင်းသားမိဘတစ်ဦးဖြစ်တယ်။အဓိက ဆယ်တန်းကျောင်းသားတွေက ဒီနှစ်မှာမှမသင်လိုက်ရဘူးဆိုရင် ကျန်တဲ့မိဘတွေထက်ပိုပြီးရင်နာရမှာပေါ့။ ကျန်တဲ့မိဘတွေကလည်းအဲဒီလိုပါပဲ။ ဘာဖြစ်လို့လဲဆိုရင် ကလေးတွေက အသက်တွေကြီးလာကြတယ်။ အတန်းတွေကမရောက်နိုင်ဘူး။ကလေးတွေရဲ့ ကျောင်းတက်ချင်တဲ့ဆန္ဒကလည်း ပြင်းပြနေကြတယ်”ဟု ဦးသန်းနိုင်ကပြောသည်။

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စားမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို ယခုနှစ်နိုဝင်ဘာလ ၁၅ ရက်နေ့မှ ဒီဇင်ဘာ ၃၀ ရက်အတွင်းလျှောက်ထားရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိအချိန်ထိ စာသင်ကျောင်းများပိတ်ထားရဆဲဖြစ်သည့် ဂွမြို့နယ်အတွင်းမှကျောင်းသားများ တက္ကသိုလ်ဝင်ခွင့်စားမေးပွဲဖြေဆိုခွင့်မရမည်ကို ကျောင်းသားမိဘများက စိုးရိမ်နေကြသည်။

လက်ရှိပိတ်ထားဆဲဖြစ်သည့်မြို့နယ်များမှ ကျောင်းသား၊သူများကို တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့် လက်ခံသည့်အချိန်တွင် ထည့်သွင်းစဉ်းစားပေးမည်ဟုသိရှိရသော်လည်း တရားဝင်ညွှန်ကြားချက်မရောက်ရှိသေးကြောင်း ဂွမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းနိုင်ကပြောသည်။

“ကျနော်တို့ဂွမြို့နယ်က ကျောင်းလည်းမဖွင့်ပေးတဲ့အတွက်ကြောင့် ဒီကိစ္စ(တက္ကသိုလ်ဝင်ခွင့်စားမေးပွဲဖြေဆိုခွင့်လျှောက်လွှာ)ကိုလည်း ထည့်ပြီးတော့စဉ်းစားလို့မရသေးဘူး။ တစ်ဖက်က ညွှန်ကြားချက်ကလည်း ကျနော်တို့ ဂွမြို့နယ်ကိုမရောက်သေးဘူး”ဟု ဦးသန်းနိုင်ကဆိုသည်။

လက်ရှိအချိန်ထိ ကျောင်းများပြန်မဖွင့်နိုင်သေးသည့်မြို့နယ်များမှာ ရှမ်းပြည်နယ်မှ ၂၆ မြို့နယ်၊ ကချင်မှ ၆ မြို့နယ်၊ မကွေးတိုင်းမှ ၄ မြို့နယ်၊ ကယားမှ ၃ မြို့နယ်၊ ကရင်မှ ၂ မြို့နယ်၊ ချင်းမှ ၂ မြို့နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရခိုင်တို့မှ ၁ မြို့နယ်တို့ ပါဝင်ကြသည်။

စစ်တွေမြို့ ကောင်းမြတ်ဟိန်းကိုယ်ပိုင်အထက်ကျောင်းမှ ဆရာဦးသိန်းဝင်းက “ဂွမြို့နယ်မှာ ကိုဗစ်လူနာထပ်တိုးတာ မရှိတော့ဘူးဆိုရင် စာသင်ကျောင်းတွေကို ကိုဗစ်စည်းကမ်းနဲ့အညီ ပြန်ဖွင့်မယ်လို့သိထားရတယ်။ ပြန်ဖွင့်မယ်ဆိုတော့ ဒီလ ၁၅ ရက်နေ့နဲ့ ဒီဇင်ဘာ လကုန်မှဆိုရင် အဲဒီကျောင်းတွေက စာမေးပွဲဖြေဆိုခွင့်တရားဝင် ရကြမယ်ထင်တယ်။ ဗမာပြည်ကကျတော့

ကိုဗစ်ဆိုတာထက် နိုင်ငံရေးကြောင့်ဖြစ်တဲ့အခါကျတော့ ကျောင်းမတက်တဲ့ကလေးတွေ၊ ကျောင်းမအပ်တဲ့ကလေးတွေရှိမယ်။ အဲဒါတွေကို တာဝန်ရှိသူတွေဘက်က ဘယ်လိုစီမံမလဲ။ ကျောင်းမအပ်တဲ့မိဘတွေကဆိုရင်လည်း စာမေးပွဲဖြေဆိုခွင့်ကိုဆုံးရှုံးခံမလားပေါ့”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် အခြေခံပညာစာသင်ကျောင်း ၃၃၀၉ ကျောင်းရှိသည့်အနက် တိုက်ပွဲနှင့်ကိုဗစ်ရောဂါတို့ကြောင့် စာသင်ကျောင်း ၁၄၀ ခန့်မှာ ယာယီပိတ်ထားဆဲဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဗီဒီယိုများ