ရခိုင်တွင် ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းရန် ကိုယ်စားလှယ်လောင်း ၁၀ ဦး ကျန်ရှိ၊ ၁၄၄ ဦး တင်သွင်းထား

ရခိုင်ပြည်နယ်တွင် ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့အထိ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းရန် ကျန်ရှိနေသူ ကိုယ်စားလှယ်လောင်း ၁၀ ဦး ရှိပြီး ၁၄၄ ဦး တင်သွင်းထားကြောင်း သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။

By မင်းထွန်း 09 Dec 2020

မင်းထွန်း | DMG
ဒီဇင်ဘာ ၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့အထိ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းရန် ကျန်ရှိနေသူ ကိုယ်စားလှယ်လောင်း ၁၀ ဦး ရှိပြီး ၁၄၄ ဦး တင်သွင်းထားကြောင်း သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။

ပြီးခဲ့သော အထွေထွေးရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် ကိုယ်စားလှယ်လောင်းများ အသုံးပြုခဲ့သော ရွေးကောက်ပွဲအသုံးစရိတ်တင်သွင်းရန် နောက်ဆုံးသတ်မှတ်ရက် မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးပါတီအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူများနှင့် တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၅၄ ဦးရှိသည့်အနက် ၁၀ ဦးသာ ရွေးကောက်ပွဲ အသုံးစရိတ်တင်သွင်းရန် ကျန်ရှိတော့ခြင်းဖြစ်သည်။

ယင်းသို့ ကျန်ရှိနေသည့်ရွေးကောက်ပွဲဝင်ပြိုင်သူများမှာ စစ်တွေခရိုင် တွင် ၄ ဦး နှင့် သံတွဲခရိုင်တွင် ၄ ဦးကျန်ရှိနေပြီး ချင်းတိုင်းရင်းသားလူမျိုးနေရာ၌ ဝင်ပြိုင်သူ ကိုယ်စားလှယ်လောင်း ၂ ဦးသည်လည်း ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသေးကြောင်း ကော်မရှင်အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများက ဆိုသည်။

“မနက်ဖြန် (ဒီဇင်ဘာလ ၁၀ ရက်နေ့) နောက်ဆုံးဆိုတော့ ကျန်ရှိနေတဲ့သူတွေက မနက်ဖြန်မှ လာတင်ကြ မယ်လို့ပြောတယ် ” ဟု စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးခင်မောင်ဦးကဆိုသည်။

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို မတင်သွင်းလျှင် သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည် အချင်းပျက်ယွင်းသူဟု သတ်မှတ်ကြေငြာခြင်း ခံရမည်ဖြစ်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ ထုတ်ပြန်ထားသည်။

ရခိုင်အမျိုးသားပါတီ(ANP) မှ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူများအားလုံး ရွေးကောက်ပွဲကုန်စရိတ်ကို တင်သွင်း ထားပြီဟု သိရှိရကြောင်း ယင်းပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က ဆိုသည်။

“ANP ပါတီက အနိုင်ရတဲ့ကိုယ်စားလှယ်တွေနဲ့ တခြား အနိုင်မရတဲ့ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူတွေအကုန်လုံး သတ်မှတ်ရက်အတွင်းမှာ တင်သွင်းပြီးကြပြီလို့ သိထားရတယ် ” ဟု ၎င်းကပြောသည်။

ရွေးကောက်တင်မြောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်ကို ကြေငြာသည့်နေ့မှ စ၍ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးသို့ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းကြရမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

ရခိုင်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲအသုံးစရိတ် သိန်း ၁၀၀ အထက်ကျော်လွန်တင်ပြခြင်းမရှိသလို ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်ပြီး တိုင်းကြားမှုများလည်း မရှိသေးကြောင်း သက်ဆိုင်ရာကော်မရှင်အသီးသီးက တာဝန်ရှိသူများထံမှ သိရသည်။

ဗီဒီယိုများ