ရခိုင်စစ်ဘေးရှောင်များအား ဂျပန်အစိုးမှကူညီပေးရန် ဂျပန်ရောက်တိုင်းရင်းသားများ တောင်းဆို

ရခိုင်ပြည်နယ်အတွင်းမှစစ်ဘေးရှောင်များအား ဂျပန်အစိုးရမှ အကူအညီများပေးရန် ဂျပန်ရောက် မြန်မာ တိုင်းရင်းသားများက ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့က တောင်းဆိုခဲ့ကြကြောင်းသိရသည်။

By ဉာဏ်ဟိန်း 18 Sep 2020

ဉာဏ်ဟိန်း | DMG
စက်တင်ဘာ ၁၈ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းမှစစ်ဘေးရှောင်များအား ဂျပန်အစိုးရမှ အကူအညီများပေးရန် ဂျပန်ရောက် မြန်မာ တိုင်းရင်းသားများက ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့က တောင်းဆိုခဲ့ကြကြောင်းသိရသည်။

တပ်မတော်နှင့် AA တို့ တိုက်ပွဲများကြောင့် ရခိုင်တွင်စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခန့်ရှိနေပြီး ယင်းစစ်ဘေးရှောင်များ၏အခက်အခဲများကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လူသားချင်းစာညှာထောက်ထား မှုဖြင့် အကူအညီများပေးနိုင်ရန်အတွက် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ရက္ခိုင့်လူငယ်များအစည်းအရုံး(ဂျပန်) အတွင်းရေးမှူး ကိုသော်ဇင်ဖြိုးက DMG သို့ပြောသည်။

တောင်းဆိုတာက ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာတွေကို ကူညီဖို့အဓိကဖြစ်တယ်။ နောက်ပြီးတော့ မြန်မာ့အစိုးရကနေပြီးတော့ ကုန်စည်စီးဆင်းမှုတွေကို ကိုရိုနာကို အကြောင်းပြပြီးတော့ ဖြတ်တောက်ထားတဲ့အတွက် ဂျပန်အစိုးရကနေပြီးတော့ ကြားဝင်ပြီးတော့ ဆောင်ရွက် ပေးဖို့အတွက်ကြောင့်ဖြစ်တယ်ဟု ၎င်းကဆိုသည်။

ယင်းသို့စစ်ဘေးရှောင်များကို အကူအညီပေးရန် ဂျပန်ရောက် ရခိုင်၊ ကချင်နှင့် ကရင်တိုင်းရင်းသားများ စုစုပေါင်း(၅၀)ကျော်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ကျွန်တော်တို့က ဂျပန်နိုင်ငံမှာရှိတဲ့ ရခိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် ဂျပန် အစိုးရဟာ မြန်မာ့ နိုင်ငံရေးကို ထဝင်ဝင်ကူညီပေးနေတဲ့အတွက် အကူညီသွားတောင်ရခြင်းဖြစ်တယ်။ ဂျပန်အစိုးရ အနေနဲ့လည်း ရခိုင်နိုင်ငံရေးအခြေအနေကြားထဲမှာ အတိုင်းတာတစ်ခုထိ ဝင်ပြီးတော့ပြောနိုင်၊ ဆိုနိုင်စွမ်းရှိတာကို ယုံကြည်လို့သွားတွေ့ရတာ” ဟု ကိုသော်ဇင်ဖြိုးက ပြောသည်။

ဆန္ဒပြမတောင်းဆိုမီ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့်တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အခြေအနေများကို ကူညီပေးရန်တောင်းဆိုခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း ကျေးရွာများကိုမီးရှို့ခြင်း၊ ကျေးရွာသားများကိုဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများရှိနေသည့်အတွက် မြန်မာအစိုးရနှင့်တပ်မတော်ကို ကမ္ဘာ့နိုင်ငံအသီးသီးက အရေးယူ ပေးရန်လည်းတောင်းဆိုခဲ့သည်ဟု ရက္ခိုင့်လူငယ်များအစည်းအရုံး(ဂျပန်)မှ ဥက္ကဋ္ဌ ကိုကျော်သန်းလှိုင်က ပြောသည်။

မြန်မာတပ်မတော်က ကျေးရွာတေကို မီးရှို့မှုတွေ၊ မတရားဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုခံနေရတဲ့အတွက် ကျေးရွာ တွေကိုစွန့့်ပစ်ပြီးတော့ ထွက်ပြေးလာတာ အခုဆိုရင်စစ်ဘေးဒုက္ခသည် (၂)သိန်းကျော်အထိ ရှိလာပြီဖြစ်တယ်။ အဲဒီစစ်ဘေးရှောင်တွေအတွက် နိုင်ငံခြားအဖွဲ့အစည်းတွေကိုလည်း ပိတ်ပင်တားဆီးမှုတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

စစ်ရေးပဋိပက္ခနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများမီးလောင်မှုဖြစ်စဉ်များတွင် တပ်မတော် အနေဖြင့် ယင်းကိစ္စများကိုလုပ်ဆောင်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။

ဗီဒီယိုများ