စစ်တွေ လောကာနန္ဒာစေတီအနီး ခိုက်ရန်ဖြစ်ပွားမှု ပြေလည်မှုရရှိဟုဆို

ရခိုင်ပြည်၊ စစ်တွေမြို့၊ လောကာနန္ဒာစေတီအနီးတွင် အိမ်နီးနားချင်းများဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှုမှာ ပြေလည်မှုရရှိသွားပြီဖြစ်ကြောင်း နှစ်ဖက်မိသားစုဝင်များက ပြောသည်။

02 Jan 2022

DMG ၊ ဇန်နဝါရီ ၂

ရခိုင်ပြည်၊ စစ်တွေမြို့၊ လောကာနန္ဒာစေတီအနီးတွင် အိမ်နီးနားချင်းများဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှုမှာ ပြေလည်မှုရရှိသွားပြီဖြစ်ကြောင်း နှစ်ဖက်မိသားစုဝင်များက ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၀ ရက်နေ့၊ ညနေ ၉ နာရီအချိန်က လောကာနန္ဒာစေတီရှေ့တွင် ရှိသည့် မိဘမေတ္တာ ရေခဲမုန့်ဆိုင်နှင့် The Best ဆိုင်တို့ကြား ဖြစ်ပွားခဲ့သော ဖြစ်စဉ်ဖြစ်သည်။ လက်ရှိတွင် ဆိုင်ပိုင်ရှင်များအနေဖြင့် ညှိနှိုင်းမှုကြောင့် ပြေလည်မှုရရှိသွားခြင်းဖြစ်သည်ဟု ဆိုင်ပိုင်ရှင်များက ယမန်နေ့ ညနေပိုင်းက ပြောသည်။
ခိုက်ရန်ဖြစ်ပွားမှုအစ

ယင်းနေ့က The Best ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးကျော်ဝင်းသည် ၎င်း၏ဆိုင်မှ ဝယ်ယူစားသုံးသူများနှင့် လောကာ နန္ဒာစေတီကို  အမှတ်တရ ဗွီဒီယိုရိုက်ကူးနေစဉ် မိဘမေတ္တာ ရေခဲမုန့်ဆိုင်မိသားစုဝင်များနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

ဦးကျော်ဝင်း၏ ပြောပြချက်အရ ယင်းသို့ဗွီဒီယိုရိုက်ကူးနေစဉ် မိဘမေတ္တာဆိုင်ပိုင်ရှင်အပါအဝင် မိသားစု ဝင်တချို့က သံတုတ်ဖြင့် လာရောက်ရိုက်နှက်ခဲ့ရာတွင် ပန်းအိုးအနီးရှိ သံချေးတက်နေသည့်ဓားဖြင့်ပြန်လည်ခုခံစဉ် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“ကျနော်လဲသွားတော့ ကျနော့်ဝန်ထမ်းတွေက လာပြီးထူကြတယ်။ ဆိုတော့ ကျနော့်အနီးမှာ ပန်းပင်တွေလုပ် နေတဲ့ သံချေးတွေနဲ့ ဓားတုံးတစ်လက်ခုခံကာကွယ်ခဲ့တာ။ ကျနော့်ဖက်ကလည်း လူ ၁၅ ဦး ရိုက်နှက်ခဲ့တာမရှိပါဘူး။ ကျနော်ပဲ ခံခဲ့ရတာပါ။ ”ဟု ဦးကျော်ဝင်းက ပြောသည်။

ထိုသို့ရိုက်နှက်ခံရမှုကြောင့် ဦးကျော်ဝင်းမှာ ဦးခေါင်းတွင် ဒဏ်ရာရရှိသွားပြီး ခန္ဓာကိုယ်တွင် နာကျင်သည့် ဝေဒနာ ကို ခံစားခဲ့ရသည်ဟုဆိုသည်။ ၎င်း၏ ခုခံတိုက်ခိုက်မှုကြောင့် မိဘမေတ္တာဆိုင်ပိုင်ရှင်တွင်လည်း ဦးခေါင်း၌ ဒဏ်ရာတချို့ရရှိသွားကြောင်း ဦးကျော်ဝင်းက ဆက်လက်ပြောသည်။

ဆက်လက်ပြီး မိဘမေတ္တာဆိုင်ဘက်ကို မေးမြန်းရာမှာ အခင်းဖြစ်ပွားသည့်ညတွင် The Best ဆိုင်ပိုင်ရှင်သည် ဓာတ်ပုံလာရောက်ရိုက်ကူးသောကြောင့် နှစ်ဖက်အချေအတင်များခဲ့ရာ ပြဿနာဖြစ်ပွားခဲ့ခြင်းဟု မိဘမေတ္တာဆိုင်ပိုင်ရှင်၏အစ်ကိုဖြစ်သူက ဆိုသည်။

ထိုသို့ ပြဿနာဖြစ်ပွားစဉ်  The Best ဆိုင်ပိုင်ရှင်မှ ဓားဖြင့်ခုတ်သဖြင့် မိဘမေတ္တာဆိုင်ပိုင်ရှင်ဖြစ်သူမှာ ဦး ခေါင်းနှင့်လက်ချောင်းတွင် ဒဏ်ရာရရှိသွားကာ မိသားစုဝင်နှစ်ဦးမှာလည်း ဒဏ်ရာရရှိသွားသည်ဟု မိဘ မေတ္တာဆိုင်ပိုင်ရှင်၏အစ်ကိုဖြစ်သူ ကိုစိုးမင်းနိုင်က ပြောသည်။

“အခင်းဖြစ်တဲ့ညက ဆိုင်ချင်းကပ် The Best ဆိုင်က ကျွန်တော့်ညီရဲ့ ရေခဲမုန့်ဆိုင်ကို ဓာတ်ပုံလာရိုက် တယ်။ ဓာတ်ပုံမရိုက်ဖို့ ကျွန်တော်က ပြောရာကနေ နှစ်ဖက်စကားအခြေအတင်များခဲ့ကြတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါ ပြဿနာကို နှစ်ဖက်မိသားစုဝင်များက ညှိနှိုင်းမှုကြောင့် နှစ်ဖက်စလုံး အဆင်ပြေသည့်အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း နှစ်ဖက်မိသားစုဝင် အသီးသီးက ပြောသည်။

မှတ်ချက် - ‌ပထမဖော်ပြခဲ့သည့် သတင်းတွင် တစ်ဖက်တည်းအသံဖြစ်ပွားခဲ့သည့်အတွက် သတင်းဖော်ပြချက်နှင့်ပတ်သက်ပြီး လူကြီးမင်းတို့၏ လုပ်ငန်းအကျိုးစီးပွားအား ထိခိုက်နစ်နာမှုရှိပါက DMG အနေဖြင့် တောင်းပန်အပ်ပါသည်။

ဗီဒီယိုများ