စစ်တွေမြို့ရှိ ပြည်တော်သာ-ရေချမ်းပြင်ရထားတွဲပြေးဆွဲမှု အရှုံးပေါ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်တော်သာ-ရေချမ်းပြင်ရထားလမ်းပိုင်းကို ပြန်လည်ပြေးဆွဲလျက်ရှိရာ အချိန်တစ်လကျော်အတွင်း ရထားတွဲပြေးဆွဲမှုမှာ အရှုံးပေါ်လျက်ရှိကြောင်းသိရသည်။

02 May 2022

DMG ၊ မေ ၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်တော်သာ-ရေချမ်းပြင်ရထားလမ်းပိုင်းကို ပြန်လည်ပြေးဆွဲလျက်ရှိရာ အချိန်တစ်လကျော်အတွင်း ရထားတွဲပြေးဆွဲမှုမှာ အရှုံးပေါ်လျက်ရှိကြောင်းသိရသည်။

ရထားတွဲပြန်လည်ပြေးဆွဲခဲ့သည့် မတ်လ ၂၄ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့အထိ တစ်လကျော်အတွင်း လိုက်ပါစီးနင်းသူ (၁၃၅၄၁)ဦးရှိခဲ့ပြီး ဝင်ငွေအနေဖြင့် (၈၀၄၅၅၀)ကျပ်ရရှိခဲ့ကာ ကုန်ကျစရိတ်မှာ (၅၀၀၅၀၀၀)ကျပ်အထိရှိခဲ့ကြောင်း မြန်မာ့မီးရထား-တိုင်းခွဲ(စစ်တွေ)မှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးကပြောသည်။

လက်ရှိတွင် ၎င်းရထားတွဲကို တစ်နေ့လျှင်လူလေးရာခန့် လိုက်ပါစီးနင်းနေသော်လည်း  တစ်နေ့လျှင်ဒီဇယ်ဆီ ၂၂ ဂါလံ (တစ်နေ့ကုန်ကျစရိတ်မှာ ၁၄၃၀၀၀ ကျပ်)ကုန်ကျမှုရှိကြောင်း ၎င်းအရာရှိကဆက်ပြောသည်။

“ကျွန်တော်တို့ မြန်မာ့မီးရထားကတော့ ရခိုင်ဒေသကပြည်သူတွေ သွားလာရေးအဆင်ပြေစေဖို့ကို ရှေးရှုပြီးတော့ အရှုံးအမြတ်ပဓာနမထားပဲ ပြေးဆွဲပေးနေတာပါ။ ခရီးသည်တွေလည်း ချောချောမောမောနဲ့စီးပါတယ်။ နောက်ဆိုရင်လည်း စီးနင်းတဲ့ခရီးသည်တွေ ပိုစီးလာမယ်လို့လည်းမျှော်လင့်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါရထားလမ်းပိုင်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကနေ သုံးနှစ်ခန့်ရပ်နားခဲ့ကာ ယခုနှစ် မတ်လ ၂၄ ရက်နေ့မှ ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ပြည်သူများ၏ သွားလာရေးအဆင်ပြေစေရန်အတွက် ရထားပြေးဆွဲပေးသည်ဆိုသော်လည်း ပြည်သူများ အမှန်တကယ်လိုအပ်ချက်ထက် ၎င်းတို့လုပ်လိုသည်များကိုသာ လုပ်ဆောင်နေခြင်းမျိုးဖြစ်သည်ဟု စစ်တွေမြို့ဒေသခံ ဦးအောင်သန်းဝေကထောက်ပြသည်။

“ပြည်သူ့အစိုးရမဟုတ်တော့ ပြည်သူကိုမျက်နှာမမူဘဲ သူတို့စိတ်ထဲရှိတာကိုလုပ်မှာပဲ။ အခုအရှုံးပေါ်တယ်ဆိုတာကလည်း သူတို့အိတ်က စိုက်ရတာမှမဟုတ်တာ။ ပြည့်သူ့ဘဏ္ဍာတွေပဲ ကုန်နေတာလေ။ ပြည်သူ့အစိုးရမဟုတ်တော့ ပြည်သူကို အလေးအနက်မထားတော့ ပြည်သူ့ဘဏ္ဍာငွေတွေ ဆုံးရှုံးမှုဖြစ်နေတာကိုလည်း သူတို့က အလေးအနက်ထားပုံမပေါ်ဘူး။ သူတို့သာတကယ်လုပ်ချင်ရင် အဲဒီရထားအစား အဖိုးခနည်းနည်းနဲ့ပြေးဆွဲတဲ့ ကားတွေကိုစီစဉ်ပေးရင်တောင် ပြည်သူတွေ ဒီထက်အဆင်ပြေအုန်းမယ်”ဟု ၎င်းကဆိုသည်။

ရထားလက်မှတ်ဈေးနှုန်းများမှာ ပြည်တော်သာဘူတာမှ စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာနှင့် ဒါးပိုင်ဘူတာအထိ (၅၀)ကျပ်၊ ပြည်တော်သာဘူတာမှ ဇောပူဂျာဘူတာနှင့် မယ်ဇလီကုန်းဘူတာအထိ (၁၀၀)ကျပ်နှင့် ပြည်တော်သာဘူတာမှ ရေချမ်းပြင်ဘူတာအထိ (၁၅၀)ကျပ်ဖြစ်ကြောင်း သိရသည်။

ပြည်သူများ ခရီးသွားလာရေးအဆင်ပြေစေရန် ရထားတွဲပြေးဆွဲပေးနေသည်ဆိုသော်လည်း ထိုရထားတွဲပြေးဆွဲသည့်နေရာများမှာ ကုန်စည်စီးဆင်းမှုနည်းပါးလှသဖြင့် ရထားတွဲပြေးဆွဲနေခြင်းမှာ အကျိုးတစ်စုံတစ်ရာ မရှိနိုင်ကြောင်းလည်း ဝေဖန်မှုများလည်းရှိသည်။

ဗီဒီယိုများ