ရခိုင်တွင် ကျောင်းပြန်တက်သူ သုံးသိန်းသုံးသောင်းကျော်ရှိ

သုံးလကျော်ကြာပိတ်ထားခဲ့ရသည့် အခြေခံပညာစာသင်ကျောင်းများကို ကိုဗစ်ကာကွယ်ဆေးထိုးပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

02 Nov 2021

DMG ၊ နိုဝင်ဘာ ၂

သုံးလကျော်ကြာပိတ်ထားခဲ့ရသည့် အခြေခံပညာစာသင်ကျောင်းများကို ကိုဗစ်ကာကွယ်ဆေးထိုးပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ယင်းသို့ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်ရာတွင် ရခိုင်ပြည်နယ်အတွင်းက ကျောင်းသားကျောင်းသူဦးရေ ၅၀၁၉၀၅ ရှိသည့်အနက် ၃၃၁၉၅၀ ဦးမှာ ကျောင်းပြန်တက်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

“အချို့ကလေးတွေက ကျောင်းပြန်တက်ဖို့ အဆင်သင့်မဖြစ်သေးဘူး။ ကျောင်းနဲ့ဝေးတဲ့နေရာကို ရောက်နေသူတွေလည်းရှိတယ်။ တစ်ပတ်လောက်တော့ အချိန်ပေးရမယ်ထင်တယ်”ဟု ရခိုင်ပြည်နယ်ပညာရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး(စီမံ)မှ ဒေါက်တာ ထွန်းထွန်းသိန်းက DMG သို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် အခြေခံပညာစာသင်ကျောင်း ၃၃၀၉ ကျောင်းရှိသည့်အနက် စာသင်ကျောင်း ၁၄၀ ခန့်မှာ ယာယီပိတ်ထားဆဲဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

“ကိုဗစ်ကြောင့် စာသင်ကျောင်းအချို့ပိတ်ခဲ့ရသလို တိုက်ပွဲနဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် မဖွင့်နိုင်သေးတဲ့ စာသင်ကျောင်းတွေလည်းရှိတယ်”ဟု ဒေါက်တာထွန်းထွန်းသိန်းကပြောသည်။

“ပညာရေး၊ စီးပွားရေးကဏ္ဍတွေက နိုင်ငံအတွက်အရေးပါတယ်။ အခုလို ကျောင်းတွေပြန်ဖွင့်တာလည်းကောင်းတဲ့လက္ခဏာပါ။ ဒါပေမဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့ ကျောင်းသားအရေအတွက်က ၁၀၀ ရာခိုင်နှုန်းမပြည့်သေးဘူး။ ဒါကြောင့် မိဘအချို့ကလည်း ကိုယ့်သားသမီးအတွက် စိုးရိမ်ပူပန်မှုတွေရှိနေတယ်”ဟု စစ်တွေမြို့တွင်နေထိုင်သည့် ဦးမောင်လှဖြူကပြောသည်။

ကိုဗစ်ရောဂါကူးစက်မှုကြောင့် ၂၀၂၀ ခုနှစ်က စာသင်ကျောင်းများကို တစ်နှစ်ပတ်လုံးပိတ်ခဲ့ရပြီး ၂၀၂၁ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်ရှိ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ကျောင်းများပြန်လည်ဖွင့်လှစ်ပြီးနောက် ကိုဗစ်တတိယလှိုင်းကြောင့် ဇူလိုင်လဆန်းပိုင်းတွင် ပြန်လည်ပိတ်ခဲ့ရပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာ စစ်ကောင်စီ၏ညွှန်ကြားချက်ဖြင့် အခြေခံပညာစာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ဗီဒီယိုများ