ကမန်အထက်တန်းကျောင်းသားများ ပညာသင်ခွင့်မရရှိကြသေး၊ ပြည်နယ်ပညာရေးမှူးက စီစဉ်နေဟုဆို

ရခိုင်ပြည်အတွင်းရှိ ရခိုင်မျိုးနွယ်စုဝင် တစ်ခုဖြစ်သည့် ကမန်လူမျိုး အထက်တန်းကျောင်းသားများသည် ယခု နှစ်ပညာသင်နှစ်တွင် အထက်တန်းပညာရေးသင်ကြားခွင့်ရရှိရေး ခက်ခဲစွာ ကြိုးပမ်းနေသော်လည်း ပညာသင်ခွင့် ရရှိရန် အရိပ်အရောင်မပြသေးသဖြင့် စိတ်ပျက်နေကြသည်။

10 Jun 2022

သာယာကုန်းကျေးရွာရှိ တွဲဖက်အထက်တန်းကျောင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ - DMG)

DMG ၊ ဇွန် ၁၀

ရခိုင်ပြည်အတွင်းရှိ ရခိုင်မျိုးနွယ်စုဝင် တစ်ခုဖြစ်သည့် ကမန်လူမျိုး အထက်တန်းကျောင်းသားများသည် ယခု နှစ်ပညာသင်နှစ်တွင် အထက်တန်းပညာရေးသင်ကြားခွင့်ရရှိရေး ခက်ခဲစွာ ကြိုးပမ်းနေသော်လည်း ပညာသင်ခွင့် ရရှိရန် အရိပ်အရောင်မပြသေးသဖြင့် စိတ်ပျက်နေကြသည်။

တစ်နိုင်ငံလုံးတွင် ဇွန်လ ၂ ရက်နေ့က အခြေခံပညာကျောင်းများ ဖွင့်သော်လည်း စစ်တွေမြို့နယ်တွင်ရှိသည့် သက်ကယ်ပြင်ရွာမ၊  သာယာကုန်း၊ သင်္ဂနက်ကျေးရွာတို့မှ အထက်တန်းကျောင်းသား ၄၆ ဦးတို့မှာ ကျောင်းအပ်နှံခြင်း အဆင်မပြေမှုဖြစ်ပေါ်နေခြင်းဖြစ်သည်။

သာယာကုန်းကျေးရွာရှိ ကမန်အထက်တန်းကျောင်းသားများမှာ ယခင်နှစ်က ၎င်းကျေးရွာရှိ တွဲဖက်အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သော်လည်း ယခုနှစ်တွင် ဆရာ၊ ဆရာမမရှိသောကြောင့် ပညာသင်ကြားခွင့်မရရှိပေ။

ယခင်နှစ်က ၎င်းတို့ကို စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတို့က ပညာသင်ကြားခဲ့သော်လည်း ဧပြီလမှစ၍ ပြည်နယ်ပညာရေးမှူးရုံးမှ ထောက်ပံ့ကြေးမပေးသောကြောင့် အဆိုပါ ဆရာ၊ ဆရာမများလည်း ကျောင်းမလာကြတော့ဟု သာယာကုန်းကျေးရွာမှ ကျောင်းဆရာမဒေါ်ညိုညိုအေးက ပြောသည်။

လက်ရှိ ထိုရွာတွင် အထက်တန်းသင်ပြမည့် ကျောင်းဆရာ၊ ဆရာမရှိသောကြောင့် ရွာနှင့် နှစ်မိုင်ခန့်ဝေးကွာသည့် သက်ကယ်ပြင်ကုန်းမွတ်ဆလင်ကျေးရွာရှိ အထက (၁၀) တွင် စာသင်ကြားရန် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားထားသည်။ သို့သော်လည်း အဆိုပါကျောင်းတွင် မွတ်ဆလင်ဘာသာစကားဖြင့် အဓိက သင်ကြားသဖြင့် ရခိုင်စကားပြောသော ကမန်များမှာ အဆင်မပြေကြဟု ဆိုကြသည်။

“အဲလူတွေနဲ့ ကျွန်မတို့ လူမျိုးတွေက ရောရောနှောနှောမရှိဘူး။ သူတို့ပြောတဲ့စကားကို ကိုယ်တို့ကနားမလည်။ စာသင်ခန်းထဲကို ဝင်ပြီးပြသွားတဲ့လူတွေလည်း မွတ်ဆလင်ဆိုရင် မွတ်ဆလင်ပုံစံပဲပြသွားတယ်။ ကမန် ကျောင်းသားလေးတွေ တစ်ခွန်းမှ နားမလည်လိုက်ဘူး။ သူတို့မွတ်ဆလင် စကားနဲ့ပဲ ပြောသွားတယ် ” ဟု ကျောင်းသားမိဘ ဒေါ် သန်းသန်းရီက DMG ကိုပြောသည်။

ထို့ကြောင့် ၎င်းတို့သည် ရွာမှဆိုင်ကယ်ဖြင့် သွားလျှင်ရောက်သည့် မြန်မာစစ်တပ်မိသားစုတက်‌ရောက်နေသည့် အထက (၆) တွင် ပညာသင်ယူလိုကြသော်လည်း ကျောင်းအပ်နှံခွင့်မရရှိဟုဆိုကြသည်။ လက်ရှိတွင် တခြား ကျောင်းသားများ စာသင်ကြားနေပြီဖြစ်သော်လည်း မိမိတို့ စာမသင်ကြားနိုင်သေးသောကြောင့် အလွန်စိတ်မ ကောင်းဖြစ်မိသည်ဟု အထက်တန်းကျောင်းသူ မနှင်းဝတ်ရီက ပြောသည်။

“စာတွေလည်းနောက်ကျပါတယ်။ ကျောင်းတက်နေတဲ့ သူတွေထက် စာတွေလည်း မဖတ်ရပါ။ သူတို့ကျောင်းတက်နေချိန် သမီးတို့ ကျောင်းမတက်ရတော့ စိတ်မကောင်းပါ။ စာတွေလည်း ခက်တာ သိတဲ့အတိုင်းပါပဲ။ တစ်ပတ်ကျောင်းမတက်ရရင် တစ်ပတ်နစ်နာပါတယ်။ စိတ်မကောင်းပါ”ဟု ၎င်းကဆိုသည်။

“ကျောင်းတက်ချင်ပါတယ်။ ဒီနှစ် စာမေးပွဲဖြေချင်ပါတယ်။ အ.ထ.က (၆)မှာပဲ ဖြစ်ဖြစ် ကျောင်းတက်ခွင့် ပေးစေချင်ပါတယ်။ တစ်နှစ်လောက်မတက်လိုက်ရရင်လည်း ပညာတွေ ဆုံးရှုံးသွားမှာကြောက်ပါတယ်“ ဟု မနှင်းဝတ်ရီက ဆက်ပြောသည်။

ကမန်ကျောင်းသား၊ ကျောင်းသူများကို တခြားကျောင်းသားများကဲ့သို့ လွတ်လွတ်လပ်လပ် ပညာသင်ကြားခွင့် ရရှိစေလိုကြောင်း ဒေါ်သန်းသန်းရီက ပြောသည်။

“တိုင်းရင်းသားတွေ လွတ်လွတ်လပ်လပ် ကျောင်းတက်နေကြသလို လွပ်လပ်စွာတက်ခွင့်ရချင်တယ်။ ကမန်ဆိုတာလည်း တိုင်းရင်းသားတစ်မျိုးပါပဲလေ။ ဘယ်လိုပုံစံ လိုလားသလဲဆိုတာကိုလည်း အထက်ကလူ တွေကလည်း ကျွန်မတို့ကို ပြောလို့ရပါတယ်။ ကျွန်မတို့အနေနဲ့ကလည်း  လုပ်ပေးနိုင်တာအားလုံးလုပ် ပေးပါ့မယ်။ အထက်ကလည်း လုပ်ပေးသင့်တာတွေ အားလုံးကို လုပ်ပေးစေချင်ပါတယ်” ၎င်းကဆိုသည်။

သက်ကယ်ပြင်ကျေးရွာမှ ကျောင်းသားမိဘဦးအေးထွန်းကလည်း အထက (၆)တွင် ပညာသင်ကြားခွင့်မပေးလျှင် မြို့ထဲရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားခွင့်ပေးစေလိုသည်ဟု ပြောသည်။ ထိုသို့မဟုတ်လျှင် သာယာကုန်းကျေးရွာရှိ တွဲဖက်အထက်တန်းကျောင်းကို အထက်တန်းကျောင်းအဆင့်တိုးမြှင့်ပြီး ဆရာ၊ ဆရာမခန့်အပ်ကာ ပညာသင်ကြားပေးစေလိုသည်ဟု ဆိုသည်။  

“ကျွန်တော်တို့က မြို့နယ်ပညာရေးမှုး၊ ပြည်နယ်ပညာရေးမှုး ကိုပြောပြပြီးပြီ။ သူတို့ကဆုံးဖြတ်ချက်မပေး နိုင်ဘူး။ ဝေ့လည်ကြောင်ပတ်လုပ်တယ်။ ပညာရေးမှူးက အ.ထ.က (၁၀) မွတ်ဆလင်တွေတက်တဲ့ကျောင်းကို ညွှန်တယ်။ အ.ထ.က (၆) ကလည်း လက်မခံဘူး။ ကျွန်တော်တို့ လိုလားတာက သူတို့ကျောင်းတွေမှာလက်မခံရင်လည်း မြို့ထဲက ဘယ်ကျောင်းမှာပဲဖြစ်ဖြစ် တက်လို့ရရင် ပြီးပြီ ” ဟု ၎င်းကဆိုသည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကို DMG က ဆက်သွယ် မေးမြန်းခဲ့ရာတွင်  “ အဲဒီအထက်တန်းကျောင်းတက်မယ့် ကမန်တိုင်းရင်းသားလေးတွေအတွက် စီစဉ်နေပြီ” ဟု တုန့်ပြန်သည်။

အစ္စလာမ်ဘာသာကို ကိုးကွယ်သည့် ရခိုင်မျိုးနွယ်စုဝင် ကမန်များသည် ၂၀၁၂ ခုနှစ် မွတ်ဆလင်နှင့်ရခိုင်တို့ အရေးအခင်းကြောင့် ဘေးကျပ်နံကျပ်ဖြစ်သွားပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများတွင် များစွာထိခိုက်ကြသည်။

ဗီဒီယိုများ