မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နေသည့် မော်လမြိုင်တွင် အပျက်အစီးများ

မော်လမြိုင်မြို့သို့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နေမှုကြောင့် အပျက်အစီးများနှင့်ကြုံတွေ့နေရပြီး ပြည်သူအချို့မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

20 May 2022

Photo - Zin Moe

DMG ၊ မေ ၂၀

မော်လမြိုင်မြို့သို့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နေမှုကြောင့် အပျက်အစီးများနှင့်ကြုံတွေ့နေရပြီး ပြည်သူအချို့မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

လက်ရှိတွင် လူဦးရေ ၆၀ ခန့်မှာ ဘေးလွတ်ရာသို့တိမ်းရှောင်နေရပြီး မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုများမှာလည်း ဆက်လက်ရှိနေဆဲဟု ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေသူ မော်လမြိုင်ဒေသခံ ကိုဇင်မိုးက DMG သို့ပြောသည်။

"လက်ရှိမှာ သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေ လဲကုန်တယ်။ ဆိုင်းဘုတ်တွေလည်း ရစရာမရှိတော့ဘူး။ အိမ်ခေါင်မိုးမရှိတဲ့ အိမ်တွေလည်းအများကြီးပဲ။ လောလောဆယ် သာယာအေးရပ်ကွက်ကလူ ၆၀ လောက်ကို ဘေးလွတ်ရာရွှေ့ထားရတယ်"ဟု ကိုဇင်မိုးက ယနေ့ညနေပိုင်းတွင်ပြောသည်။

ယနေ့မြန်မာစံတော်ချိန်(၁၂:၃၀)နာရီအချိန်ထိ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမကမ်းလွန်အနီး)တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း မိုးလဇက ယနေ့မေလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းငယ်မှာ မြန်မာနိုင်ငံ ၊ မွန်ပြည်နယ်၊ ဘီလူးကျွန်းမြို့(Bilu Island)၏ အနောက်တောင်ဘက် ရေမိုင်(၁၅)မိုင်ခန့်၊ မော်လမြိုင်မြို့(Mawlamyaine)၏ အနောက်တောင်ဘက် ရေမိုင်(၂၅)မိုင်ခန့်၊ ပေါင်မြို့(Paung)၏ ‌တောင်-အနောက်တောင်ဘက် ရေမိုင်(၂၅)မိုင်ခန့်၊ သထုံမြို့(Thaton)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၅)မိုင်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့(Thongwa)၏ အရှေ့တောင်ဘက် ရေမိုင် (၅၀)မိုင်ခန့်၊ ခရမ်းမြို့(Khayan)၏ အရှေ့တောင်ဘက် ရေမိုင်(၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေသည်ဟုလည်း မိုးဇလ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဗီဒီယိုများ