ရခိုင်တွင် မိုးရွာသွန်းမှုနည်းနေသဖြင့် လယ်ယာစိုက်ပျိုးရေးအပေါ် သက်ရောက်မှုရှိလာ

ပုံမှန်အားဖြင့် ဇွန်လနှင့် ဇူလိုင်လများသည် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းမြောင်ဒေသတို့တွင် မိုးများသည့်ကာလဖြစ်ပြီး လက်ရှိတွင် မိုးရွာသွန်းမှုနည်းပါးကာ မိုးရေချိန်လက်မ နည်းနေခြင်းဖြစ်သည်။

By Admin 29 Jul 2023

မိုးရွာသွန်းမှုနည်းပါး၍ မြေသားများအက်ကွဲနေသော မြောက်ဦးမြို့နယ်က လယ်ယာမြေများ။
မိုးရွာသွန်းမှုနည်းပါး၍ မြေသားများအက်ကွဲနေသော မြောက်ဦးမြို့နယ်က လယ်ယာမြေများ။

DMG ၊ ဇူလိုင် ၂၉

ပုံမှန်အားဖြင့် မိုးရွာသွန်းမှုအဆုံးဖြစ်သည့် ရခိုင်ဒေသတွင် ယခုနှစ် မိုးလယ်ကာလ ဇွန်လမှ ဇူလိုင်လ ၂၄ ရက်နေ့ထိ မြို့တော်စစ်တွေ၏ မိုးရေချိန်လက်မမှာ ၅၀ ကျော်ခန့်သာရှိပြီး အခြားမြို့နယ်များတွင်လည်း မိုးရေချိန်လက်မ နည်းပါးနေကြောင်း မိုးဇလတာဝန်ရှိသူထံမှ သိရသည်။

စစ်တွေမြို့၏ ပျမ်းမျှမိုးရေချိန်မှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ၁၆၈ လက်မ၊ ၂၀၂၁ ခုနှစ်က ၁၇၀ လက်မ၊ ၂၀၂၂ ခုနှစ်တွင် ၁၃၈ လက်မ ရှိခဲ့သော်လည်း ယခုနှစ်တွင် ဇူလိုင်လ တတိယပတ်အထိ လက်မ ၅၀ ကျော်ခန့်သာ ရရှိထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။

ပုံမှန်အားဖြင့် ဇွန်လနှင့် ဇူလိုင်လများသည် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းမြောင်ဒေသတို့တွင် မိုးများသည့်ကာလဖြစ်ပြီး လက်ရှိတွင် မိုးရွာသွန်းမှုနည်းပါးကာ မိုးရေချိန်လက်မ နည်းနေခြင်းဖြစ်သည်။

မိုးရွာသွန်းမှုနည်းပါးခြင်း၏ အကျိုးဆက်အဖြစ် ရခိုင်မြောက်ပိုင်းရှိ စပါးခင်းများတွင် ရေခမ်းခြောက်နေကာ မြေသားများ အက်ကွဲမှုရှိလာ၍ တောင်သူလယ်သမားများမှာ လယ်ယာစိုက်ပျိုးရေးတွင် အခက်အခဲများနှင့် ကြုံနေရသည်။

“မိုးမရွာတာ ရက်ပေါင်း ၁၀ ကျော်ပြီ။ မနေ့ကတော့ ၅ မိနစ်လောက် မိုးရွာတယ်။ ပြီးတာနဲ့ နေပူတော့တာပါပဲ။ အခုလို မိုးခေါင်နေတော့ လယ်လုပ်ရတာ၊ စပါးစိုက်ပျိုးရတာကအစ အဆင်မပြေဘူး။ အခုဆိုရင် တစ်ချို့လယ်ကွင်းထဲ ရေတစ်စက်မှ မရှိတော့ဘူး။ မြေတွေတောင် နှစ်ခြမ်းကွဲနေပြီ။ ရေဝပ်တဲ့ အင်းရှိတဲ့နေရာလောက်ပဲ နည်းနည်းအဆင်ပြေတယ် ” ဟု မြောက်ဦးမြို့နယ် မောင်ညိုကျွန်းကျေးရွာမှ လယ်သမား ဦးစိုးနိုင်ဝင်းက  ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတက်ကျေးရွာတွင်လည်း စပါးစိုက်ပျိုးရာ လယ်ကွင်းများတွင် ရေခမ်းခြောက်နေပြီး စပါးစိုက်ခင်းများ ပျက်စီးသွားမည်ကို လယ်သမားများက စိုးရိမ်နေရကြသည်။

သဲတက်ကျေးရွာမှ တောင်သူ ဦးထွန်းစိန်သာက  “ကျနော်တို့ရွာမှာ မိုးရာသီကာလ အပူရှိန်လွန်ကဲပြီးတော့ ကြဲထားတဲ့မျိုးစပါးတွေ မပေါက်ဘူး။ ပေါက်နေတဲ့ စပါးပင်တွေရှိတဲ့ လယ်ကွင်းတွေမှာလည်း မြေတွေအက်ကွဲနေတယ်။ မိုးရွာတဲ့အခါလည်း မိနစ်ပိုင်းလောက်ပဲ ရွာတာ” ဟု ပြောသည်။

သဲတက်ကျေးရွာသည် ပုဏ္ဏားကျွန်းမြို့နယ် မြောက်ပိုင်း၊ ကုလားတန် မြစ်အောက်ပိုင်းတွင် တည်ရှိပြီး အိမ်ခြေ ၃၇၀ ကျော် ရှိကာ လယ်လုပ်ငန်းကို အဓိက အားထားလုပ်ကိုင်ကြသည်။

လယ်ယာလုပ်ငန်းတွင် အရင်းအနှီးများကို ထည့်သွင်းရသော တောင်သူလယ်သမားများမှာ မိုးရွာသွန်းမှုနည်းပါးမှုကြောင့် စပါးအထွက်နှုန်းကျဆင်းပြီး အရှုံးပေါ်မည်ကို တွေးပူနေကြသည်။ 
ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာမှ လယ်သမား ဦးဝင်းမောင်က “ကျနော်တို ပုဏ္ဏားကျွန်းနယ်ဘက်မှာ မိုးခေါင်တဲ့အနေအထား ရှိနေပါတယ်။ လယ်ထွန်တဲ့အခါ ရေမရှိလို့ စပါးကြဲဖို့ အဆင်မပြေတာတွေရှိပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်က ကျေးလက်နေပြည်သူ ၇၅ ရာခိုင်နှုန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေးကြပြီး ပြီးခဲ့သည့်နှစ်က ရခိုင်ဒေသတွင် ရာသီဥတုဖောက်ပြန်ပြီး မိုးရွာသွန်းမှုနည်းခြင်းကြောင့် စပါးအထွက်နှုန်း ၅၀ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့သည်။ 

ယခုနှစ်တွင်လည်း မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းဒဏ်ကြောင့် နစ်နာနေသည့် ရခိုင်မြောက်ပိုင်းက တောင်သူများမှာ မိုးရွာသွန်းမှုနည်းပါးနေခြင်းကြောင့် ပိုမို အခက်တွေ့နေကြသည်။ 

ရာသီဥတုပြောင်းလဲလာမှု အကျိုးဆက်အဖြစ် မြန်မာနိုင်ငံတွင် မုတ်သုံရာသီ တိုတောင်းလာခြင်း၊ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာခြင်း၊ ပျမ်းမျှအပူချိန်မြင့်တက်ခြင်းနှင့် ကမ်းရိုးတန်းဒေသတွင် ဖျက်အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်းများ ဝင်ရောက်ခြင်းတို့ကို ကြုံတွေ့နေရသည်ဟု မိုးဇလက ပြောကြားထားသည်။

#I003

ဗီဒီယိုများ