ယခုနှစ် မိုးရာသီအတွင်း ရခိုင်တွင် မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ ၂၀ ကျော်ရှိခဲ့

ရခိုင်ဒေသတွင် ယခုနှစ် မိုးရာသီအစပိုင်း မေလမှ ယခုအောက်တိုဘာလအထိ မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူ ၂၁ ဦးရှိခဲ့ကြောင်း သိရသည်။

By Admin 27 Oct 2023

ဓာတ်ပုံ - NPE
ဓာတ်ပုံ - NPE

DMG ၊ အောက်တိုဘာ ၂၇

ရခိုင်ဒေသတွင် ယခုနှစ် မိုးရာသီအစပိုင်း မေလမှ ယခုအောက်တိုဘာလအထိ မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူ ၂၁ ဦးရှိခဲ့ကြောင်း သိရသည်။

DMG က ကောက်ယူထားသည့် စာရင်းအရ သေဆုံးသူများထဲတွင် ပုဏ္ဏားကျွန်းမြို့နယ်မှ ၃ ဦး၊ ရမ်းဗြဲမြို့နယ်မှ ၂ ဦး၊ ရသေ့တောင်မြို့နယ်မှ ၁ ဦး၊ ကျောက်ဖြူမြို့နယ်မှ ၁ ဦး၊ မြောက်ဦးမြို့နယ်မှ ၁ ဦး၊ မင်းပြားမြို့နယ်မှ ၁ ဦး၊ ကျောက်တော်မြို့နယ်မှ ၁ ဦးတို့ ဖြစ်ကြသည်။

ဒဏ်ရာရရှိသူများမှာ ရမ်းဗြဲမြို့နယ်မှ ၄ ဦး၊ တောင်ကုတ်မြို့နယ်မှ ၃ ဦး၊ မင်းပြားမြို့မှ ၂ ဦး၊ ကျောက်တော် မြို့နယ်မှ ၁ ဦး၊ ကျောက်ဖြူမြို့နယ်မှ ၁ ဦးတို့ ဖြစ်ကြသည်။

အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းက ရမ်းဗြဲမြို့နယ် ဟုံးဝချောင်းကျေးရွာ ဆိပ်ခံတံတားအနီးတွင် မိုးကြိုးပစ်ခံရပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

“မနက် ၅ နာရီလောက်မှ သူတို့ရှိနေတဲ့ စက်လှေအနီးကို မိုးကြိုးပစ်တာ။ အဲမှာ လူ ၄ ယောက်စလုံး ဒဏ်ရာတွေရသွားကြတယ်။ ဖြစ်ဖြစ်ချင်းပဲ သူတို့မှာပါလာတဲ့ စက်လှေနဲ့ ကျောက်ဖြူဆေးရုံကြီးကို သွားလိုက်ကြတယ်” ဟု ဟုံးဝကျေးရွာသား ကိုမြင့်နိုင်က ပြောသည်။

၎င်းတို့ ၄ ဦးလုံးမှာ မြေပုံမြို့နယ်မှဖြစ်ကြပြီး ဟုံးဝကျေးရွာသို့ ဂုံးရှာရန်အတွက် စက်လှေဖြင့် လာရောက်နေခြင်းဖြစ်ကာ ဆိပ်ခံတံတားအနီးရပ်နားထားစဉ် မိုးကြိုးပစ်ခံရခြင်းဖြစ်သည်။

ယခုနှစ် မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများထဲတွင် အသက် ၁၈ နှစ်အောက် သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရရှိသူ ၁ ဦးပါဝင်ပြီး အသက် ၁၉ နှစ်အထက် သေဆုံးသူ ၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀ ဦးတို့ ဖြစ်ကြသည်။

မိုးကြိုးပစ်ခတ်မှုဖြစ်စဉ်များမှာ မိုးဦးနှင့် မိုးနှောင်းကာလများတွင် အဖြစ်များသည်။ မိုးကြိုးပစ်ခတ်မှု ဖြစ်ပွားရခြင်းမှာ အပူချိန်မြင့်မားမှုနှင့် မိုးတိမ်တောင်ဖြစ်ပေါ်မှုကြောင့်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

ယင်းကြောင့် ပြည်သူများအနေဖြင့် အထူးသတိထားရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက DMG ကို ပြောသည်။

“မိုးတိမ်တောင်တွေဖြစ်လာရင် သတိထားရမယ်၊ လျှပ်စီးတဖြတ်ဖြတ်လက်နေရင် လျှပ်စစ်ပစ္စည်းတွေနဲ့ ဝေးတဲ့နေရာ၊ ရေနဲ့ ဝေးတဲ့နေရာတွေမှာ နေရမယ်။ ကွင်းပြင်ထဲမှာ တစ်ယောက်တည်းဖြစ်နေရင်လည်း မိုးကြိုးပစ်နိုင်တယ်။ အပင်မြင့် ဒါမှမဟုတ် အဆောက်အအုံတွေနားမှာ မိုးကြိုးပစ်ရင် မြေပေါ်မှာဝပ်နေရမယ်။ မြင့်တဲ့ အိမ်မှာဆို မိုးကြိုးလွဲပစ္စည်းတွေ တပ်ဆင်ရမယ်” ဟု ဦးလှထွန်းက ပြောသည်။

ကမ္ဘာ့ရာသီဥတုပူနွေးလာမှု အကျိုးဆက်အဖြစ် မြန်မာနိုင်ငံတွင်လည်း အပူချိန်မြင့်တက်လာနေပြီး မိုးကြိုးပစ်ခတ်မှုများ နှစ်စဉ်များလာနိုင်သောကြောင့် မိုးကြိုးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များကို သိထားရန်လိုအပ်ကြောင်းလည်း ဦးလှထွန်းက သတိပေးသည်။

မိုးကြိုးအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် မိုးခြိမ်းသံကြားသည်နှင့် ခိုင်ခံ့သောအဆောက်အအုံ (သို့မဟုတ်) မော်တော်ယာဉ်တွင်းသို့ ခိုဝင်ရမည်။ မော်တော်ယာဉ်တံခါးကိုလည်း သေချာစွာပိတ်ထားရမည်ဖြစ်သည်။ ခိုလှုံစရာနေရာမရှိပါက မိမိလက်နှစ်ဖက်ဖြင့် နားကိုအုပ်ထားပြီး ဆောင့်ကြောင့်ထိုင်ချကာ ခြေချောင်းများ၊ ရှေ့ခြေဖဝါးများဖြင့်သာ မြေကြီးကိုထိထားရမည်။

လူအုပ်စုလိုက်ဖြစ်ပါက တစ်ဦးနှင့်တစ်ဦး ၁၅ ပေခန့် ခွာနေရမည်ဖြစ်ပြီး ရေများနှင့်လည်း ထိတွေ့ဆက်စပ်ခြင်း မပြုရပေ။ အိမ်တွင်း၌နေစဉ် ရေချိုးခြင်း၊ အဝတ်လျှော်ခြင်း၊ အိုးခွက်ပန်းကန်ဆေးခြင်းများ မပြုရဘဲ လိုင်းကြိုးဖုန်းများမှစ၍ ကွန်ပျူတာ၊ တီဗွီ စသည့် လျှပ်စစ်အသုံးအဆောင်များကိုလည်း အသုံးမပြုရဘဲ မိုးကြိုးအန္တရာယ်ကို ကြိုတင်ကာကွယ်ရမည်ဖြစ်သည်။

#I008

ဗီဒီယိုများ